ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်းရှောင်း
ဧရာဝတီတိုင်းဒေသကြီးတွင် ယနေ့ (ဒီဇင်ဘာလ ၃ ရက်)အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာပေါင်း ၂၉၇၄ ဦးနှင့် သေဆုံးလူနာ ၁၈ ဦးအထိရှိနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာ န၏ သတင်းထုတ်ပြန်ထားမှုများအရ သိရသည်။
Covid-19 ပိုးတွေ့အတည်ပြုလူနာများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလမှစတင်ကာ တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ၃ လတာအတွင်း လက်ရှိပိုးတွေ့ရှိမှုအခြေအနေများအရ တစ်ရက်လျှင် ပျမ်းမျှ ၃၃ ဦးထက်မနည်း တွေ့ရှိနေရခြင်းလည်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “ လောဆယ်တော့ တစ်နေ့ကို အယောက် ၇၀၊ ၆၀၊ အများဆုံးက ၁၀ဝ တို့ ဧရာဝတီတိုင်းမှာ နေ့တိုင်းတိုးနေပါတယ်။ ကူးစက်တဲ့နှုန်းတွေက အရင်ကထက်စာရင် ဒီလပိုင်းတွေမှာမြန်လာတယ်။ ဒေသတွင်းကူးစက်မှုနှုန်းတွေကလည်းများလာတယ်။ အဲဒီအတွက် ဂရုစိုက်ဖို့လိုပါတယ်။ အချင်းချင်းကူးစက်မှုနှုန်းများလာတဲ့အခါကျတော့ စည်းကမ်းမလိုက်နာဘူး ဆိုရင် ကူးစက်မှုတွေပိုပြန့်လာလိမ့်မယ်။ ပိုပြန့်လာရင် ထိန်းရတာခက်သွားပါလိမ့်မယ်။ အဲဒီတော့စည်း ကမ်း လိုက်နာမှုကအရေးကြီးပါတယ်” ဟုကေအိုင်စီသို့ပြောသည်။
တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ သတင်းထုတ်ပြန်ထားမှုများအရ ဧရာဝတီ တိုင်းဒေသကြီးအတွင်း တွေ့ရှိထားသည့် ပိုးတွေ့လူနာ ၃ ထောင်နီးပါးအထဲမှ ဆေးရုံဆင်းခွင့်ရသူ ၂၁၈၇ ဦးရှိပြီး ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီအထိ သေဆုံးလူနာ ၁၈ ဦးရှိနေပြီဟုသိရသည်။
ထို့အတူသေဆုံးလူနာအများစုမှာ Covid-19 ပိုးကူးစက်ခံရပြီးနောက် ကျောက်ကပ်၊ ဆီးချိုနှင့် အရက်အလွန် အကျွံသောက်သုံးမှုကြောင့် ဖြစ်ပေါ်သည့်ရောဂါခံစားနေရသူများ စသည့်ရောဂါအခံရှိသူအများစုဖြစ်ပြီး Covid-19 ကြောင့်သေဆုံးသူဦးရေနည်းပါးကြောင်းလည်း ဒေါက်တာသန်းမင်းထွဋ်၏ ပြောပြချက်များအရသိရသည်။
မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း လက်ရှိ Covid-19 ပိုးတွေ့ရှိမှု အခြေအ နေများအရ ရန်ကုန်နှင့်နီးစပ်သည့် မအူပင်တွင်အများဆုံးဖြစ်ပြီး ပုသိမ်၊ ဖျာပုံ၊ မော်ကျွန်း၊ ဒေးဒရဲ စသည့်မြို့ နယ်များတွင်လည်း အခြားမြို့နယ်များထက် ပိုးတွေ့ရှိမှုပိုမိုများပြားကြောင်း သိရသည်။