ပထမအကြိမ် မဲစတင်ပေးမယ့် အသက် (၁၈)နှစ်ပြည့်ခါစ လူငယ်များကို အွန်လိုင်းမှတစ်ဆင့် မဲအသိပညာပေး အစီ အစဉ် ဆောင်ရွက်နေတဲ့ လှိုင်းဘွဲမြို့နယ် အခြေစိုက်၊ တော်ဝင်သဇင်အမျိုးသမီးအဖွဲ့ ဥက္ကဌ နန်းနှင်းနှင်းဝေနှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းထားချက် ဖြစ်သည်။
မေး။ Covid ကာလမှာ ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် ပညာပေးသင်တန်း ဘယ်လိုပုံစံလုပ်လဲ။ အခြေအနေလေး ရှင်းပြပေးပါလား။
ရန်ကုန်မှာ အခြေစိုက်တဲ့ (Mynfrel)-Myanmar Network Organization for Free and Fair Election အဖွဲ့နဲ့ ပူးပေါင်းပြီး ၁၈နှစ်ပြည့်ပြီး ပထမဦးဆုံးအကြိမ် မဲစတင်ထည့်ပေးရမယ့်လူငယ်တွေကို အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေးအစီအစဉ်သင်တန်းလို ကျမတို့လုပ်ပါတယ်ပေါ့။ သင်တန်းပေးတာက အွန်လိုင်းကနေပဲပေးတာ ဖြစ်ပါတယ်။
မေး။ မဲပေးရမယ့်လူတွေက ၁၈နှစ်အထက်ကစပြီး အားလုံးမဲပေးနိုင်တယ်ပေါ့။ ဘာဖြစ်လို့ ဒီ၁၈ကျော် မဲစပေးရမယ့် လူငယ်တွေကိုပဲ ရွေးပြီး သင်တန်းပေးတာလဲ။
ပထမဦးဆုံးအကြိမ်ပဲ မဲစတင်ပေးရတဲ့လူတွေဟာ မဲတစ်ခုခါမှမထည့်ဖူးတော့ မဲဘယ်လိုပေးရမလဲ မသိဘူး လေ။ ဒီအရင် ၂၀၁၀-၂၀၁၅တုန်းက မဲပေးခဲ့ဖူးတဲ့လူတွေကတော့ သိသင့်သလောက်တော့ သိသွားပြီပေါ့နော်။ ၂၀၂ဝ မှ မဲစပေးရမယ့်လူတွေကတော့ ဒီ Covid နဲ့က လူစုပြီး ပေးလို့မရတော့ဘူး။ ၂၀၁၅တုန်းကလို ရွာထဲမှာ ဆင်းပြီး ကျမတို့ ကိုယ်တိုင် Voters Education ပေးခဲ့တယ်ပေါ့။ အများကြီးလည်း ပေးလို့ရတယ်။ အခုက အဖွဲ့တွေကလည်း ကိုယ်တိုင် ဆင်းပြီး အိမ်တိုင်ရာရောက်လိုက်ပြီး ပေးတာသိပ်မရှိဘူးပေါ့လေ။ ပေးလို့လည်း သိပ်မရတဲ့အခြေအနေမှာ ရှိနေတော့ ကျမတို့က ဘယ်လိုစဉ်းစားလဲဆိုရင် ရတဲ့နည်းနဲ့ပဲ အခု ပထမဦးဆုံးအကြိမ် မဲထည့်ရမယ်ဆိုလို့ရှိရင် သူတို့မှာက အတွေ့အကြုံလည်း မရှိဘူး။ ရွာထဲမှာလာပေးတဲ့လူက မရှိဘူးဆိုရင် ပထမဦးဆုံးမဲထည့်မယ့် လူငယ်တွေက အခက်အ ခဲရှိမှာပဲ ဆိုပြီးတော့ပေါ့နော်။ သူတို့ လွယ်ကူစွာနဲ့ ထည့်နိုင်အောင် သူတို့မှာ မဲထည့်မယ့်နေ့ကျရင် အခက်အခဲမဖြစ် အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျမတို့ ဒီပထမဦးဆုံးအကြိမ် မဲထည့်ရမယ့် လူငယ်တွေကို ရွေးချယ်ပြီးပေးတာပါ။
မေး။ လူငယ်တွေကို အဓိက ဘာတွေ သင်ပေးလဲ။ သူတို့သင်ယူရတာတွေက အခြေအနေဘယ်လိုရှိလဲ။
ကျမတို့သင်တာက မဲပေးရင် မဲဘယ်နှစ်မဲပေးရမလဲ။ ခိုင်လုံမဲတွေ၊ ပယ်မဲတွေ ဘယ်လိုရှိလဲဆိုတာကို သူတို့ကို သေချာရှင်းပြပါတယ်။ သင်တန်းတက်ဖို့ လူငယ်တွေကို ကျမတို့ ဘယ်လိုစည်းရုံးရလဲဆိုတော့ ကျမတို့ တော်ဝင်သဇင် မှာက ရွာတွေမှာချိတ်ဆက်ဖို့ အဖွဲ့ဝင်တွေ ရှိထားတဲ့အခါကျတော့ သူတို့ကနေပဲ လူငယ်တွေကို ပြန်ပြီးတော့ချိတ်ဆက် ပေးခိုင်းပါတယ်။ သူတို့ကို သင်တန်းပေးတာက ၁နာရီ-၂နာရီလောက်ပဲ ပေးပါတယ်။ နောက်ပြီး ဒီ Voters Education အပြင်ကို သတင်းအမှား အမှန်ဝေခွဲတတ်ဖို့ အဲဒီနည်းကိုလည်း သူတို့ကို တစ်ပြိုင်နက်တည်း ပေးခဲ့တယ်ပေါ့နော်။ ပြီးတော့ မဲထည့်ရမယ့်နေ့မှာ ပါတီတံဆိပ်ပါတဲ့ အကျင်္ီတွေကို မဝတ်သွားဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောထားပါ တယ်။
ကျမတို့ သင်တန်းပေးလိုက်တဲ့ လူငယ်တွေထဲကနေပြီးတော့ သူတို့ရဲ့ကျေးရွာမှာ ရှိတဲ့ မဲရုံမှာ စေတနာ့ဝန် ထမ်းအဖြစ် ဝိုင်းပြီးစောင့်ပေးဖို့ ရွာက တာဝန်ရှိတဲ့လူတွေက ခေါ်တာတော့ ကျမတို့သိရတယ်။ အခု ဒီကလေးတွေက သူတို့ရွာမှာပဲပြန်ပြီး ဘယ်လိုမဲပေးရမလဲဆိုတာ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြီး ပညာပေးပြန်လုပ်နေတယ်။ ဒီကလေးတွေက အခုသူတို့ရွာတွေမှာတော့ တော်တော်လေး အကျိုးရှိသွားတယ်။ အရင်တုန်းက မဲထည့်ဖူးတဲ့ လူကြီး တွေက မဲထည့်ရမယ့်ပုံစံတွေ သူတို့မေ့သွားပြီး အခု ဒီလူငယ်ထဲကနေပြီးတော့ သူတို့အွန်လိုင်းကနေရထားတဲ့ ပညာ တွေနဲ့တစ်ဆင့် ပညာပြန်ပေးရသေးတာပေါ့။
မေး။ အွန်လိုင်းကနေ ပညာပေးသင်တန်းတွေလုပ်ရတော့ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။
အခက်အခဲတွေကတော့သိပ်မတွေ့ရဘူး ဘာဖြစ်လဲဆိုတော့ လူငယ်ပိုင်းတွေကိုပဲ ပေးရတယ်လေ။ လူငယ် တွေက သူတို့မှာ ဒီဖုန်းတွေနဲ့ပဲ ကျမတို့က သင်တန်းပေးတာဆိုတော့ လူငယ်တိုင်းနီးပါးလောက်က အွန်လိုင်းတွေကို သုံးနေကြတယ်လေ။ ကျမတို့က Play Store ကနေပြီးတောာ့ Zoom အပီကေးရှင်းကို ဒေါင်းလိုက်ပြောတာနဲ့ သူတို့က တန်းဆွဲနိုင်တယ်။ ပြီးတော့ ကျမတို့က Link ချပေးလိုက်တာနဲ့ သူတို့ဝင်လို့ရပြီး အားလုံးနီးပါးအဆင်ပြေတယ်။ တအားကြီး ကျမတို့ ပြင်ဆင်ချိန်ဆိုတာ သိပ်တောင်မယူလိုက်ရဘူးပေါ့။ အားလုံးနီးပါးချိတ်ဆက်လို့ရတယ်။ အခက်အ ခဲကတော့ နည်းပညာပိုင်း အခက်အခဲကသိပ်ပြီး မရှိဘူးဆိုပေမယ့် သူတို့အနေနဲ့ကတော့ ပေးတဲ့လူရော နားထောင်တဲ့ လူရော အပြင်လောက်တော့ သိပ်အားရမှု မရှိဘူးပေါ့လေ။ အဲလိုမျိုးတော့ ရှိတာပေါ့။ ကျမတို့ ပေးချင်တဲ့ မက်ဆေ့ချ်ကို သူတို့က အားလုံးရနိုင်ပါ့မလားပေါ့။ အဲလိုမျိုးတွေလည်း ကွာခြားမှုရှိတယ်။ နောက်တစ်ခုက အွန်လိုင်းမှာ Zoom နဲ့ပဲ ဝင်ရတဲ့အခါကျတော့ လူနည်းစုလောက်ပဲ ကျမတို့မှာ ပေးနိုင်တဲ့အနေအထားမှာရှိတယ်။ အဲဒါတော့ ပညာရရှိတဲ့အပိုင်း မှာ ကွာခြားမှုရှိတယ်လို့ ကျမက ထင်တာပေါ့နော်။
မေး။ အွန်လိုင်းသင်တန်းက ဘယ်လတုန်းကစပေးတာလဲ ဘယ်နေ့အထိပေးသွားမလဲ။ ထိရောက်မှုအခြေအနေ ဘယ်လိုရှိလဲ။
ကျမတို့က ဒီအောက်တိုလာဘာလ တစ်လပဲ ပေးမှာပေါ့။ နိုဝင်ဘာလ ၁ရက်နေ့မှာတော့ Offline နဲ့ လူအနည်း ငယ်လောက် (ကွင်းဆင်း)ပေးဖို့ တစ်ပွဲရှိတယ်။ ကျမတို့ပေးတာက လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ ကွမ်ဘီ၊ ဝင်းစိန်၊နောင်တိုင်၊ ကွမ်တာကျေးရွာအုပ်စု အဲဒီမှာရှိနေတဲ့ရွာတွေ တော်တော်များများမှာ ကျမတို့ လူငယ်တွေကိုပဲ ပေးတာပေါ့။ ကျမတို့ သင်တန်းပေးပြီးတဲ့ လူငယ်တွေကို ပြန်ပြီး ချိတ်ဆက်ကြည့်တဲ့အခါကျတော့ သူတို့တွေက နေ့တိုင်း ဆင့်ပွားသင်တန်း ပြန်ပေးတယ်။ သူတို့ရွာနဲ့သူတို့က မသိသေးတဲ့လူတွေကို အားလုံးနီးပါး ပြန်ပေးနိုင်တယ်ဆိုတော့ ထိရောက်မှုအားက ကောင်းတယ်လို့ပြောရမှာပေါ့။ ဒီလူငယ်တွေက အရမ်းကို တက်ကြွတာကို မြင်ရတယ်။
မေး။ ဒီလိုသင်တန်းပေးတာနဲ့ပတ်သက်ပြီး ဖြည့်စွက် ပြောချင်တာရှိရင်ပြောပါ။
ကျမတို့ ဒီလိုသင်တန်းပေးတာက မသိတဲ့ ပါတီဝင်အချို့က ပါတီတစ်ခုခုကိုဆွယ်ပြီး သင်တန်းပေးနေတယ်လို့ သူတို့ထင်တာတွေရှိတာပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်ရတဲ့ဟာတွေရှိတယ်။ ကျမတို့ သင်တန်းပေးနေတဲ့ ကလေးတွေက မဲတစ်ခါမှ မထည့်ရသေးဘူးဆိုတော့ ဒီပါတီမဲထည့်ပါဆိုပြီး သူတို့က အဲလိုထင်နေတာရှိပါတယ်။