ဇွန် ၁၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး
အစိုးရ နှင့် တပ်မတော်တို့မှ ယခင်ကာလများက တိုင်းရင်းသား လူနည်းစုအပေါ် ကျူးလွန်ခဲ့သည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူများအပေါ် ပြန်လည်စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူရန် ယနေ့ (ဇွန်လ ၁၉ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဒေသများရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပ ပျောက်ရေးနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGက တောင်းဆိုလိုက်သည်။
ပဋိပက္ခဖြစ်ပွားရာဒေသများတွင် တပ်မတော်မှ တိုင်းရင်းသားလူနည်းစုများအပေါ် နည်းဗျူဟာ ကျကျ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုအား လက်နက်သဖွယ် အသုံးပြုခဲ့ပြီး ၎င်းအတိတ်ကာလ ကျူးလွန်ခဲ့မှုများကို ပြန်လည် ဖြေရှင်းပေးမှုနှင့် စုံစမ်းစစ်ဆေးမှုပြုရန် ပျက်ကွက်ခြင်းသည် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ရနေခြင်းဖြင့် အနာဂတ်တွင် ဆက်လက်ကျူးလွန်ရန် ခွင့်ပြုပေးရာရောက်သည်ဟု KHRGက ပြောသည်။
KHRG ၏ ဒါရိုက်တာ နော်ထူးထူးက “ ဒီအကြမ်းဖက်မှုတွေကို ပြစ်ဒဏ်ကင်းလွှတ်ကနေ ဆက်လက်မဖြစ်ပွား အောင် အစိုးရနဲ့ တပ်မတော်က တရားမျှတမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုတယ်။ မဟုတ်ရင် ကျူး လွန်ခံခဲ့ရသူတွေအတွက် အမှန်တရားပျောက်ဆုံးနေပြီး လူ့အဖွဲ့အစည်းမှာလည်း စိန်ခေါ်မှုပေါင်းစုံကို ခံစား နေကြရမှာဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် စုံစမ်းစစ်ဆေးမှုများ ပြန်လည် ပြုလုပ်ခဲ့ပါက တရားရေးဆိုင်ရာ အဖွဲ့အစည်း ပုဂ္ဂိုလ်များအပြင် သက် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အမျိုးသမီး အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပြီး ၎င်းတို့တွင် စုစည်းကောက်ယူ မှတ်တမ်းပြုစုထားသည့် အချက်အလက် ပေါင်းများစွာရှိကြောင်းလည်း နော်ထူးထူးက ဆက်ပြောသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ ယခင် ၂၀၁၂ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လိင်အကြမ်းဖက်မှုပေါင်း ၂၇မှု ပါဝင်သည့် အစီရင်ခံစာ ၅၂ စောင်ကို လက်ခံစုစည်းရရှိထားသလို အဆိုပါ အကြမ်းဖက်မှုများသည် ပဋိပက္ခ ကာလအတွင်း ဆိုးရွားစွာနှင့်ကျယ်ပြန့်စွာဖြစ်ပွားခဲ့ပြီး အလားတူ ၂၀၁၉ ခုနှစ်အချိန်ထိ လိင်အကြမ်းဖက်မှု နှင့် သက်ဆိုင်သည့် အစီရင်ခံစာများကို ဆက်လက်ရရှိနေသေးကြောင်း KHRG၏ ယနေ့ ထုတ်ပြန်ချက်၌ ဆိုသည်။
လတ်တလောကာလများတွင် တပ်မတော်မှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လျော့နည်းလာ သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်အကြား လက်နက်ကိုင်ပဋိပက္ခ ဆက် လက်ဖြစ်ပွားနေဆဲအခြေအနေအောက်တွင် စိုးရိမ်နေရဆဲ ဖြစ်သည်ဟုလည်း KHRG က ဆိုသည်။
KHRG ၏ ယနေ့ ထုတ်ပြန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူများအပေါ် စစ်ဆေးဖော် ထုတ်အရေးယူရေး တောင်းဆိုမှုအပေါ် အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် ကရင်အမျိုးသမီး အစည်းအရုံး-KWO အနေဖြင့် ထောက်ခံကြိုဆိုပြီး ၎င်းတို့အနေဖြင့်လည်း နစ်နာသူများ တရားမျှတမှုရရှိရေး အတွက် အစဉ်တစိုက် တောင်းဆိုနေကြောင်းလည်း ဆိုသည်။
KWO၏ လူမှုရေးတာဝန်ခံ နော်ဒါးမုက “တကယ်လို့ စစ်တပ်က ဒါတွေကို ကျူးလွန်ရင် စစ်ခုံရုံးမှာပဲ ဖြေရှင်း အ ရေးယူတာမျိုးလုပ်ရင် နစ်နာသူတွေအတွက် တရားမျှတမှုက ရရှိမှာမဟုတ်သလို ကျမတို့လည်း ဘယ်လိုပုံစံအ ရေးယူမလဲဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် ကျူးလွန်သူတွေကို အရပ်ဖက် တရားရုံးတွေမှာပဲ ဖြေရှင်းအရေးယူ တာမျိုး လုပ်သင့်တယ်။ ဒီလိုမှ ကျမတို့က နစ်နာသူတွေအတွက် အမှန်တရားကို ရရှိမှာဖြစ်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြစ်မှုကျူးလွန်မှုများသည် ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နိုင်ပြီး စစ်တပ်အပါအဝင် လုပ်ပိုင်ခွင့် အာဏာရှိ သူများအနေဖြင့်လည်း ၎င်းတို့ အာဏာကို အများပြည်သူ ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးတွင် အသုံး မပြု သင့်ဘဲ အာဏာအလွဲသုံးစားမှုဖြင့် ပြစ်မှုကျူးလွန်ခဲ့လျှင်လည်း ပြဌာန်းထားသည့် ဥပဒေများအတိုင်းအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း နော်ဒါးမုက ဖြည့်စွက်ပြောသည်။
လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုဟုဆိုရာတွင် ပဋိပက္ခဒေသများတွင်ရှိသော အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်း ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုခြင်း၊ လိင်ကျွန်ပြုခြင်း၊ ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ သွပ် သွင်းခြင်း၊ အတင်းအဓမ္မကိုယ်ဝန်ဆောင်စေခြင်း၊ အတင်းအဓမ္မကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ အတင်းအဓမ္မ ထိမ်း မြားလက်ထပ်ခိုင်းခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းမရှိအောင် အတင်းအဓမ္မလုပ်ဆောင်ခြင်းနှင့် မည်သည့် လိင်အ ကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခြင်းတို့ ပါဝင်သည်။
မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများ၌ မြန်မာစစ်တပ်နှင့် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များမှ ဒေသခံ တိုင်း ရင်းသား လူနည်းစုများအပေါ် ကျူးလွန်သည့် လိင်အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုများစွာရှိနေကြောင်း လူ့အခွင့် အ ရေးနှင့် အမျိုးသမီး၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်သည့် အစီရင်ခံစာများအရ သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံမှ ဇွန်လ ၁၉ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပဋိပက္ခဒေသများရှိ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာခဲ့သည်။ အဆိုပါနေ့သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် လိုအပ်သည့် အသိ ပညာပေးမှုမြှင့်တင်ရေးအပြင် ကမ္ဘာတစ်ဝှမ်းရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူများနှင့် ၎င်းအကြမ်း ဖက်မှု အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဝံ့စွာ ဘဝရင်းနှီးမြှုပ်နှံထားသူများနှင့် ဘဝပေးဆပ်ခဲ့ရသူများကို ဂုဏ်ပြုရန် အတွက်လည်း သတ်မှတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်။