စက်တင်ဘာလ ၂၁ရက်။ ကေအိုင်စီ
မြဝတီမြို့တွင် အမှတ်(၄)ရပ်ကွက်ရှိ ရဲစခန်းတွင် ယနေ့ညနေက ဒီကေဘီအေတပ်ဖွဲ့နှင့် ရဲ၊ စစ်တပ်များ ပစ်ခတ်မှု ဖြစ်လုနီးပါး အထိ အပြန်အလှန် တင်းမာမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့ညနေ ၅နာရီတွင် ဒီကေဘီအေ(၉၀၇)မှ ဗိုလ်ကျော်သက်နှင့် အဖွဲ့ဝင် ၂ဝခန့်သည် မြဝတီရဲစခန်းကို လာရောက်ပြီး သိမ်း ဆည်းထားသည့် လိုင်စင်မဲ့ကားများကို ပြန်လည်ပေးရန် တောင်းဆိုရာမှ အခြေအနေမှာ တင်းမာမှုဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အင် အားဖြည့်ကာ လာရောက်ဝိုင်းထားရာမှ တင်းမာမှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ဒီကေဘီအေ(၉၀၇) ဗိုလ်ကျော်သက်က ရဲစခန်းမှာ ရပ်ထားတဲ့ စစ်တပ်က သိမ်းထားတဲ့ကားတွေကို ပြန်ပေးဖို့ လာပြောတာ။ အဆင်မပြေဘဲ ပစ်မယ်ခတ်မယ်ဖြစ်တယ်။ ဗိုလ်ကျော်သက်က သူ့အဖွဲ့တွေကို ထပ်မှာတော့ သူတို့အင်အားက ၂၀ကျော်ဖြစ် သွားပြီး ရဲနဲ့ အင်အားမမျှဘူး ဖြစ်သွားတယ်။ အဲဒီမှာ တပ်မကလည်း စစ်သားတွေကို ဟိုင်းလက်စ်ကားနှစ်စီးနဲ့ စစ်သားတွေ ထပ်ရောက်လာတယ်လေ။ ဒါနဲ့ပဲ သူဝိုင်းကိုယ်ဝိုင်းဖြစ်ကုန်တာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၁၈ရက်နေ့ မြဝတီ-ကော့ကရိတ် ကားတန်းအဆင်းတွင် အဖွဲ့စုံရှိသည့် တံတားကျိုးနေရာ၌ လိုင်စင်မဲ့ကားများ ကို စစ်တပ် ဗျူဟာမှ သိမ်းယူပြီး မြဝတီမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ ရဲစခန်းတွင် ကားအစီး ၆ဝခန့် လာရောက်ထားရှိခဲ့သည်။
၎င်းကားများမှာ ဒီကေဘီအေ၊ ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရောနှင့် နယ်ခြားစောင့်တပ်များက တာဝန်ယူကာ ယူဆင်းပေး ခဲ့ခြင်းဖြစ်ပြီး ယခုလို သိမ်းဆည်းမှုအပေါ် မကျေနပ်၍ လာရောက်ပြောဆိုတောင်းယူရာမှ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
ကားကုန်သည်တစ်ဦးက “တကယ်တော့ အဲဒီအသိမ်းခံရတဲ့ကားတွေက ကုန်သည်တွေရဲ့ကားတွေလည်း ပါတယ်။ အဖွဲ့အ စည်းတွေက တာဝန်ယူပြီး ကယ်ရီခနဲ့ ယူဆင်းပေးတာလေ။ အရင်ရက်တွေကတော့ ဂိတ်မှာပေးကမ်းပြီး ဆင်းသွားတာပဲ။ အရင်တပတ် ကားတန်းအဆင်းကျမှ စစ်တပ်က ဗျူဟာ အပါဝင် အဖွဲ့စုံထိုင်တဲ့ တံတားကျိုးဂိတ်နဲ့ အလယ်ဗိုလ်တဲတွေမှာဖမ်း ပြီး မြဝတီ ရဲစခန်းမှာ ပြန်လာသိမ်းထားတာ။ အဓိကက ဗျူဟာပေါ့။ ဒီကေဘီအေက ဒါကို ပြန်လာတောင်းတာ။”ဟု ဆိုသည်။
ကိုယ်တိုင်မြင်တွေ့သူ မြို့ခံအမျိုးသမီးတစ်ဦးက “မိုးချုပ်တဲ့အထိ ရဲစခန်း ပတ်ပတ်လည်မှာ စစ်သားတွေအပြည့်ပဲ။ ရဲစခန်းက တော့ မှောင်နေတာပဲ။ ဘယ်သူမှလည်း အနားမသွားရဲဘူး။”ဟု ည ၈နာရီအချိန်က ကေအိုင်စီကို ပြောသည်။
သို့သော် ရောက်ရှိလာသည့် စစ်တပ်အင်အားမှာ များပြားသဖြင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ကားများဖြင့် ည ၈နာ ရီကျော်တွင် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။


















