မတ် ၃ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်စူး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီလက်အောက်ခံ ပန်းတနော် ကရင်လူ ငယ်ရေးရာ ဆပ်ကော်မတီ(Pantanaw Karen Youth) ဥက္ကဌ စအောင်ဇော်(ခ) စလားပလန်း(၃၀)နှစ်သည် မတ် ၂၈ ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး ကွယ်လွန်သွားသည်။
သူသည် အိမ်မဲမြို့၌ ဆောက်လုပ်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင်နေရင်း မတ် ၂၈ ရက်နေ့ ညနေပိုင်းတွင် မိသားစု ရှိရာ ပန်းတနော်မြို့နယ်၊ သလပ်ခွာ ကျေးရွာနေအိမ်သို့ ပြန်လာစဉ် အိမ်မဲမြို့မှ သုံးမိုင်ခန့် အကွာ အိမ်မဲ-ပန်းတနော် ကားလမ်းမ ပေါ်၌ ဆိုင်ကယ် မတော်တဆဖြစ်ပွားပြီး ကွယ်လွန်သွားခြင်းဖြစ်သည်ဟု လုပ်ဖော်ကိုင် ဖက်ဖြစ်သူ စကျောက်ခဲက ယခုလို ပြောသည်။
“အိမ်မဲမှာအလုပ်လုပ်နေရင်း ညနေစောင်းလာတော့ သူ့မိန်းမရှိတဲ့ သလပ်ခွာရွာကို ဆိုင်ကယ်စီးပြီး တစ် ယောက် ထဲည နေပိုင်းလောက်မှာ ပြန်လာတယ်။ ကံဆိုးစွာပဲ ကျုံကနူး တံတားနားအရောက်မှာ မတော်တဆ ဖြစ်ပြီး ပွဲချင်းပြီး အသက်ဆုံးရှုံးသွားတယ်ဆိုပြီး ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း အသိပေးလို့သိရတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
စအောင်ဇော်သည် ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ လူငယ်ရေးရာဆပ်ကော်မတီ-PKY သို့ ၂၀၁၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး လူငယ်ဖွံ့ဖြိုးရေး၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် အဓိက တက်ကြွစွာ ပါဝင်လှုပ် ရှားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ဒု-ဥက္ကဌ နှင့် ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အထိ ဥက္ကဌအဖြစ်သုံးနှစ်ဆက်တိုက် ရွေးချယ်တာဝန် ပေးခြင်း ခံခဲ့ရသူဖြစ်သည်။
ယခုလို ကွယ်လွန်သွားသည့်အပေါ် PKY ၏ တတိယဥက္ကဌ စောစခိုင်ဖူးက “သူက အလုပ်လုပ်ရင် စနစ်တကျ လုပ်တတ်တဲ့ သူ။ တိကျပြီး ပြတ်သားတယ်။ ရွာမှာဆိုလည်း လူငယ်ခေါင်းဆောင် တစ်ယောက်ပဲ။ ကျနော်တို့ PKYမှာ ဆို စည်းရုံးရေးကောင်းတဲ့သူ။ သူစည်းရုံးရေးကောင်းလို့ ကျနော်တို့ဒေသမှာလူငယ်တွေ အမျိုးသားရေး နိုးကြားမှု ပိုရှိ လာကြတယ်။ အခုသူ ရုတ်တရက်ဆုံးသွားတော့ PKYမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲ” ဟု မှတ်ချက် ပြုပြောသည်။
PKY ဥက္ကဌ စအောင်ဇော်သည် မကွယ်လွန်မီ မတ်၂၆ ရက်နေ့တွင် ၎င်းနှင့်တစ်ရွာတည်းနေထိုင်သူ နမ့်လားခလိန်နှင့် မဂင်္လာဆောင်ခဲ့ပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ကာ လက်ရှိ ဖခင်မန်းညွန့်သန်း၊ ညီစအော်ဇော်ထွေးနှင့် ဇနီးသည်နမ့်လားခလိန်တို့ကျန်ရစ်ခဲ့ပြီး မတ် ၃ဝ ရက်တွင် ၎င်းနေအိမ်၌ အသုဘ အခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုဝင်များထံမှ သိရသည်။