နိုဝင်ဘာလ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
၂၂နှစ်မြောက် DKBA နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး အပါအဝင် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနာမည်ကြီးလက်ဝှေ့သမားများ ပါဝင်ယှဉ်ပြိုင်ထိုးမည့် အထူးစိန်ခေါ်ပွဲများ ထည့် သွင်းတင်ဆက်သွားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA (ကလို့ထူးဘောအဖွဲ့)၏ ပွဲစီစဉ်သူများထံမှ သိရှိရသည်။
DKBA ဋ္ဌာနချုပ်တည်ရှိရာ မြဝတီခရိုင်၊ စုကလိမြိုနယ်ခွဲရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၉ရက်မှ ၂၁ရက်နေ့အထိ ကျင်းပသွားမည့် ၎င်းလက်ဝှေ့တွဲဆိုင်းများအတွက် နိုဝင်ဘာလ ၂၃ရက်နေ့က ဖားအံမြို့၊ ခွယ်ကဘောင်စားသောက်ဆိုင်တွင် နှစ်ဘက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း အဆိုပါပွဲများအတွက် ဦးဆောင်စီစဉ်သူ DKBA (စစ်ဦးစီးပထမတန်း) ဒုဗိုလ်မှူး ကြီးထွန်းထွန်းက ယခုလို ပြောသည်။
“ကျနော်တို့ ဒီနှစ် လက်ဝှေ့ကို မြန်မာ့လက်ဝှေ့ကျော်တွေ၊ ထိုင်းလက်ဝှေ့ကျော်တွေနဲ့ အထူးစိန်ခေါ်ပွဲတွေ ထည့်သွင်းထားတယ်။ ရိုးရာလက်ဝှေ့ မတိမ်ကော မပပျောက်အောင်လည်း နှစ်စဉ်လုပ်တယ်။ အလွှာစုံ၊ နယ်ပယ်စုံအောင်လည်း ဖိတ်တယ်။ အားပေး ကြမယ့် ပရိဿတ်တွေအတွက်လည်း ဗလာပွဲ (အခမဲ့) ကြည့်ရှုအားပေးနိုင်အောင် စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် ကျင်းပမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့ပွဲတွင် စိုးလင်းဦး(ဒို့ရိုးရာ)-ဘော်ဇန်(ထိုင်း)၊ သပြေညို(ဘိလပ်မြေစက်ရုံ) – ပါဝိ(ထိုင်း)၊ ရဲသွေးနီ(တောင်ကလေး)-အဖစ်(ထိုင်း)နှင့် ဝင်းလှိုင်(သွေးသစ်)-ဒေ့နခွန်း(ထိုင်း) စသည့် ထိုင်း-မြန်မာနာမည်ကျော် လက်ဝှေ့ကစားသမားများ ပါဝင်သည့် အထူးစိန်ခေါ်ပွဲ ၄ပွဲ ပါဝင်မည် ဖြစ်သည်။
ထို့အပြင် ဒေသတွင်း လက်ဝှေ့ကျော်တွဲဆိုင်း ၂၅ဆိုင်းအပြင် ဝါသနာရှင်များ ထိုးသတ်မည့်ကြားပွဲနှင့် ရိုးရာအောင်လံလုပွဲများ ပါဝင်မည်ဖြစ်ကာ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဋ္ဌာန အပါအဝင် လက်ဝှေ့ခုံဒိုင် ၁၂ဦးဖြင့် စီစဉ်ကြီးကြပ်ကျင်းပသွား မည်ဖြစ်ပြီး ဆုကြေးကိုလည်း ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ဘိလပ်မြေ စက်ရုံကလပ်က မြန်မာပြည်ရွှေခါးပတ်ချန်ပီယံ သပြေညိုက “အခု လေ့ကျင့်နေတယ်။ DKBA Day နဲ့ နှစ်သစ်ကူးပွဲ တွေအတွက်ပေါ့။ လက်ဝှေ့က ကြမ်းတမ်းတယ်။ ဇွဲနဲ့သက်လုံက အရေးကြီးတယ်။ အခု ဒီပွဲတွေက ပရိဿတ်အကြိုက် ဖြစ်စေ တဲ့ပွဲတွေဖြစ်မှာပါ။ အားပေးကြပါလို့ပြောချင်တယ်”ဟု ပြောသည်။
DKBA နှစ်ပတ်လည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-KNU မှ စတင်ခွဲထွက်သည့် ၁၉၉၄ခုနှစ်မှစတင်ကာ မြိုင် ကြီးငူ အထူးဒေသနှင့် ၎င်းတို့ စစ်အခြေချစခန်းများတွင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာရိုး ရာလက်ဝှေ့ပွဲများကို နှစ်စဉ် ထည့်သွင်းကျင်းပကြမြဲဖြစ်သည်ဟု သိရသည်။
ယခုနှစ် DKBA နှစ်ပတ်လည်နေ့တွင် ရိုးရာလက်ဝှေ့ပွဲများအပြင် ဘောလုံးပွဲများ၊ ဒုံးပြိုင်ပွဲများ၊ မြန်မာ့ဇာတ်သဘင်၊ ကရင်ဇာတ် သဘင်များနှင့် စင်တင်တေးဂီတပွဲများ စသည့်ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းကျင်းပကြမည်ဟု ပွဲစီစဉ်သူများက ပြောသည်။
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA အဖွဲ့သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ဖွဲ့နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။



















