နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်တမျိုးသားလုံးအတွက် အရေးကြီးသည့် ကဏ္ဍကြီး ၄ရပ်အား စာတမ်းပြုစုနိုင်ရန် ကရင်အမျိုးသားများ စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)က နိုဝင်ဘာလ ၂၄ရက်မှ ၂၆ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်ခန်းမ ဆောင်၌ ကျင်းပသည့် နဝမအကြိမ်မြောက် ၎င်းတို့၏အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု သိရသည်။
KUPC အဖွဲ့ဝင်ဖြစ်သူ မန်းအောင်ပြည်စိုးက “ဒီအစည်းအဝေးကတော့ အဓိက ကဏ္ဍကြီး ၄ရပ်ကို အခြေခံပြီးတော့ စာတမ်းပြုစု ဖို့ပဲ ဖြစ်တယ်။ ရရှိလာတဲ့စာတမ်းကို နောင် ကျင်းပမယ့် ငြိမ်းချမ်းရေးကိစ္စတွေပဲဖြစ်စေ၊ ကရင်အမျိုးသားညီလာခံမှာပဲဖြစ်စေ တဖက်တလမ်းမှာ အမျိုးသားများအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းကဏ္ဍကြီး ၄ရပ်မှာ နိုင်ငံရေး၊ လုံခြုံရေးနှင့်ကာကွယ်ရေး၊ လူမှုရေး/စီးပွားရေးနှင့် မြေယာသယံဇာတများဖြစ်ပြီး ထိုကဏ္ဍများ အတွက် တက်ရောက်လာသည့် နယ်အသီးသီးမှ ကိုယ်စားလှယ်များက စုပေါင်းဆွေးနွေးကြပြီး ရရှိလာသည့် အချက်အလက် များအပေါ်အခြေခံ၍ စာတမ်းပြုစုကာ စုပေါင်းသဘောတူညီမှုဖြင့် အတည်ပြုသွားမည်ဖြစ်ကြောင်းလည်း သူက ဆက်လက် ပြောဆိုသည်။
အဆိုပါဆွေးနွေးချက်မှ ရရှိလာသည့် အချက်လက်များကို စာတမ်းပြုစုမည်ဖြစ်၍ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ အား တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ၂၁ ပင်လုံညီလာခံတွင် ဆိုင်ရာအဖွဲ့အစည်းသို့ တင်ပြဆွေးနွေးနိုင်ရန်ဖြစ်ပြီး အခြား ကျန်ရှိသည့်ကဏ္ဍများကို နောင်ကျင်းပမည့် ကရင်တစ်မျိုးသားလုံး ညီလာခံဆွေးနွေးပွဲ၌ တင်ပြဆွေးနွေးသွားရန် ဖြစ်သည်ဟု KUPC အဖွဲ့ဝင် စောကျော်စွာကလည်း ယခုလို ပြောသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ သူ့ကဏ္ဍနဲ့သွားဖို့ တင်ပြဖို့ရယ်။ အခြားကတော့ ကရင်တမျိုးသား လုံး ညီလာခံကျင်းပမယ့်အခါမှာ တင်ပြပြီး စုပေါင်းပြန်လည်ဆွေးနွေးနိုင်ဖို့ကတော့ ကရင်တစ်မျိုးသားလုံးက အားလုံး တာဝန်ရှိ တယ်လို့ ပြောချင်ပါတယ်။”ဟု ဆိုသည်။
သုံးရက်တာအစည်းဝေးတွင် သဘာပတိအဖြစ် ဆရာတော်ဦးအရိယဝံသ၊ စောထရူးဘလဒ်၊ မန်းငြိမ်းမောင်နှင့် နန်းစေးအွာတို့ ဖြစ်ကြပြီး အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့များ၌ အဆိုပါ ကဏ္ဍကြီး ၄ရပ်ကို ဆွေးနွေးအတည်ပြုရန်နှင့် နောက်ဆုံးနေ့၌ ရရှိလာသည့် ကဏ္ဍအလိုက် အချက်အလက်များအပေါ် သဘောတူညီမှု ရယူခြင်းအပြင် KUPC ၏ ကိစ္စရပ်များကို ဆွေးနွေးဆုံး ဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
(KUPC)အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ကရင်အမျိုးသားလုံးများ စည်းလုံးညီညွတ်ရေးတည်ဆောက်ရန်၊ ငြိမ်းချမ်းရေးရရှိရန်အ တွက် လူထုတစ်ရပ်လုံး ပါဝင်ပူးပေါင်းရန်နှင့် အနာဂတ် ကရင်လူမျိုးများဘဝ သာယာလှပရန်တို့ ဖြစ်ပြီး ထိုအဖွဲ့၏ ပုံမုန်အစည်း အဝေးကို ၄လတစ်ကြိမ်သော်လည်းကောင်း၊ ၆လတစ်ကြိမ်သော်လည်းကောင်း ကျင်းပပြုလုပ်လေ့ရှိသည်။
၎င်းကော်မတီကို ၂၀၁၃ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းပြီး လက်နက်ကိုင်ကရင်အဖွဲ့အစည်းများ၊ ကရင်လွှတ်တော်အမတ်များ၊ ကရင်ဝန်ကြီးများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်ဘာသာရေးအဖွဲ့များနှင့် ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်သည်။



















