အောက်တိုဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဖြစ်ပွား ခဲ့သည့် ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး မည်သည့် ပဋိပက္ခမျှထပ်မံ မဖြစ်ပွားရေး ကြိုးပမ်းလုပ်ဆောင်သွားကြရန် နှစ်ဖက် ထိပ်ပိုင်း ခေါင်းဆောင်များ သဘောတူညီမှုရခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် အောက်တိုဘာလ ၁၅ရက်နေ့က ပြုလုပ်သည့် နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှုအပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း KNU ၏ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ယခုလို အတည်ပြု ပြောဆိုသည်။
၎င်းက “အဓိက ပြဿ နာကို ရှာတာမဟုတ်ဘဲနဲ့ ပြဿ နာရဲ့အဖြေကို ရှာကြတာဖြစ်ပါတယ်။ ဖြစ်လာမယ့် ပြဿ နာတွေ၊ ဖြစ်ပြီး ခဲ့တဲ့ပြဿ နာတွေ ရှေ့ဆက် မတိုးလေအောင်၊ ရှေ့ဆက်မဖြစ်လေအောင်တော့ နှစ်ဖက်စလုံးက တာဝန်ရှိရှိ၊ ထိန်းသိမ်းကြဖို့ပေါ့ အဲဒါကိုတော့ သဘောတူညီမှုရခဲ့ကြတယ်”ဟု ပြောသည်။
ထိုတွေ့ဆုံမှုတွင် KNU မှ ပဒိုစောသောသီဘွဲ ဦးဆောင်သည့် အဖွဲ့ဝင် ၁၄ဦး၊ NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ဦးတို့မှ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ထပ်မံ မဖြစ်ပွားရေးအပြင် နှစ်ဖက်အငြင်းပွားနေသည့် နယ်မြေပြဿ နာများ၊ မွန်နှင့်ကရင် ပူးတွဲ ဖွဲ့စည်းထားခဲ့သည့် ပူးတွဲကော်မတီ အကောင်အထည်ဖော်ဆောင်မှု စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
KNU နှင့် NMSP တို့အနေဖြင့် ၎င်းတို့အုပ်ချုပ်မှုနယ်မြေနှင့် ပတ်သက်၍ အငြင်းပွားမှုများ ယခင်ကတည်းက ရှိခဲ့သဖြင့် နှစ်ဖက် ပဋိပက္ခဖြစ်ပွားမှုရှိခဲ့ပြီး ယင်းနယ်မြေပြဿ နာများကို လက်ရှိအချိန်ထိ တိကျစွာ ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ၏ ဒုဥက္ကဋ္ဌ နိုင်ဟံသာက “ကျနော့်အမြင်အရကတော့ ကနေ့အနေအထားမျိုးမှာ အားလုံး ကောင်းမွန်အေးချမ်း သွားတဲ့အချိန်ကျမှ နယ်မြေကိစ္စတွေကို သတ်သတ်မှတ်မှတ်နဲ့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှ ပုံစံချဖို့ လိုမယ်လို့မြင်ပါတယ်”ဟု ယမန်နေ့ ဆွေးနွေးပွဲတွင် ပြောဆိုသည်။
ယင်းဆွေးနွေးမှုများအရ နှစ်ဖက်ပစ်ခတ်မှု ထပ်မံ မဖြစ်ပွားရေးအပြင် ၂၀၀၆-၂၀၀၇ခုနှစ်များက မွန်နှင့် ကရင် ပူးတွဲဖွဲ့စည်းထား သည့် တောင်ပေါက် ၂၄ရွာ ပူးတွဲအုပ်ချုပ်ရေးကော်မတီနှင့် နယ်နိမိတ်သတ်မှတ်ရေးကော်မတီ စသည့် နှစ်ဖက်ပူးတွဲကော်မတီ အဖွဲ့ဝင်များ ပြန်လည်ခန့်အပ်ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
နယ်မြေအငြင်းပွားမှုကို အခြေခံသော နောက်ဆက်တွဲပြဿ နာများကြောင့် (KNU) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် (NMSP) တပ်ဖွဲ့ဝင်တို့ကြားတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့က တနသင်္ာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ် ခွဲရှိ သဲချောင်းဖျားကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။



















