ဩဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာဖောင်
ရိုးရာယဉ်ကျေးမှု ဖလှယ်သည့်အနေဖြင့် နိုင်ငံတကာနှင့် မြန်မာတိုင်းရင်းသား ရိုးရာတူရိယာများ ပေါင်းစပ်၍ ဒုတိယအကြိမ် နိုင်ငံတကာ ရိုးရာဂီတပွဲတော် Gongs & Skins II (The 2nd International Percussion Festival)တစ်ရပ်ကို ဩဂုတ်လ ၆ရက်နေ့၊ ညနေ ၆နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဂျာမဏီ၊ မလေးရှားနိုင်ငံတို့နှင့် Goethe-Institute (Myanmar)တို့ ပူးပေါင်းကျင်းပသည့် ၎င်းဂီတဖျော်ဖြေပွဲ၌ ဂီတပရိဿတ် ပေါင်း၂၀၀ကျော် တက်ရောက်အားပေးခဲ့ကြပြီး ၎င်းပွဲတွင် ဂျာမဏီရိုးရာ တယောတူရိယာ၊ မလေးရှားရိုးရာ ကြေး၊ သားရေတို့ ဖြင့် ပြုလုပ်ထားသည့် တူရိယာများ၊ ကရင်တိုင်းရင်းသားရိုးရာ ကျွဲချို၊ ဖားစည်၊ သားရေကြပ် ဖားစည်၊ အိုးစည်၊ မောင်း၊ စည်း၊ ဝါး၊ နှဲ၊ ရခိုင်တိုင်းရင်းသားရိုးရာ စည်တော်ကြီးနှင့် ဗမာတိုင်းရင်းသားရိုးရာ ဆိုင်းဝိုင်း စသည့်တူရိယာတို့ ပေါင်းစပ်ကာ ဖျော်ဖြေခဲ့ ကြခြင်းဖြစ်သည်။
ပွဲဖြစ်မြောက်ရေး စီစဉ်သူ Goethe-Institute (Myanmar)၏ Culture Department and IT-Clerk မှ Joshua Pyae Sone Oo က “အခုလို ပွဲကို ကျနော်တို့ ဒုတိယအကြိမ် ကျင်းပတာပါ။ ကရင်နဲ့ ရခိုင်၊ ဗမာတွေကို ဦးတည်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းက တောင်ကြီးမှာ ရှမ်း(သျှမ်း)တိုင်းရင်းသား တူရိယာရယ်၊ မြန်မာ ဆိုင်းဝိုင်း၊ စမ်းချောင်းက ဒိုးပတ်တူရိယာ တွေ ပါဝင်ခဲ့ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
Gongs & Skins ဆိုသည်မှာ ကြိုးတပ်တူရိယာမဟုတ်ဘဲ သံစဉ်ကို အခြေခံတီးခတ်ရသော တူရိယာပစ္စည်းများဖြစ်ပြီး ခက်ခဲစွာ လေ့လာစရာမလိုသလို တီးခတ်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဘာသာစကား အခက်ခဲ ရှိသော်လည်း ဆက်သွယ်နိုင်သော ဂီတအမျိုးအစားများဖြစ်သည်ဟု စီစဉ်သူ Joshua Pyae Sone Oo (ယောရှုပြည့်စုံဦး)က ဆက်ပြောသည်။
တူရိယာစုံဂီတဖျော်ဖြေပွဲတွင် ဖားစည်တီးခတ်သူ စောအောင်ကျော်ငြိမ်းက “ကျနော်တို့ ရိုးရာ တူရိယာတွေကို နိုင်ငံခြားသား ဂီတပညာရှင်တွေရှေ့ ချပြခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိတယ်။ သူတို့ နည်းဗျူဟာတွေကို ရခဲ့ပါတယ်။ နောက်ပြီး ကိုယ့်ရိုးရာ တူရိယာက နိုင်ငံတကာနဲ့လည်း တွဲဖက်တီးနိုင်တယ်။ ရိုးရာတူရိယာများကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လူငယ်တွေကို ပြောချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လာရောက်ဖြေဖျော်ခဲ့သည့် ဂျာမဏီနှင့် မလေးရှားနိုင်ငံများမှ ပညာရှင်များသည် တူရိယာတစ်ခုတည်းကို တီးခတ်ခြင်း မဟုတ်ဘဲ သံစဉ်အသစ်များ ရှာဖွေကာ သုတေသနပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာတူရိယာများသည် လည်း အနောက်တိုင်းတူရိယာများဖြင့် တီးခတ်နိုင်ကာ အမြတ်တနိုး ထိန်းသိမ်းရမည်ဖြစ်ကြောင်း စောအောင်ကျော်ငြိမ်းက မှတ် ချက်ပြု ပြောဆိုသည်။
ဒုတိယအကြိမ်မြောက် Gongs & Skins II ကို ဩဂုတ်လ ၄ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ကာ ဩဂုတ် လ ၆ရက်နေ့တွင် ဖားအံမြို့၌ ယခုလို ဆက်လက် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဩဂုတ်လ၌ အလားတူ ရိုးရာ ဂီတပွဲကို သျှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပခဲ့ကြောင်း စီစဉ်သူများထံမှ သိရသည်။