ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
“လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့အသံတွေ၊ ခံစားချက်တွေကို အမျိုးသားတွေရော၊ အစိုးရရော အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရတင်မကဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါ။
ဒါကိုသိတဲ့သူ တော်တော်လေး နည်းနေသေးတယ်။”
နီပေါနိုင်ငံမြို့တော်၊ ခတ္တမန္ဒူမြို့၌ ဩဂုတ်လ ၁ရက်မှ ၅ရက်နေ့အထိ အိမ်ရှင် နီပေါ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ အမျိုး သမီးဆိုင်ရာ လူမှုအဖွဲ့ပေါင်း ၃၀ကျော်ပါဝင်သည့် “ Regional feminist leadership institute on peace and security” ခေါင်းစဉ်ဖြင့် အမျိုးသမီးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို ့ နယ်စပ်အခြေစိုက်သည့် အမျိုးသမီးအဖွဲ့အစည်းများဖြစ်ကြသည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB ၊ Shan Women’s Action Network (SWAN)နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO)တို့အပြင် မြန်မာ ပြည်တွင်းရှိ ချင်း၊ မွန်၊ ကယန်း စသည့်အမျိုးသမီးအဖွဲ့ ၈ဖွဲ့မှ ကိုယ်စားလှယ် ၁၄ဦးက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ကြ ရာ ယင်းနှီးနှောဖလှယ်ပွဲ၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာနှင့် အတွေ့အကြုံများကို ကိုယ်တိုင်ပါဝင်ခဲ့သူ KWO ၏ ငြိမ်းချမ်း ရေးနှင့် တည်ဆောက်ရေး စီမံကိန်းတာဝန်ခံ နော်ဆဲဆဲကို ကေအိုင်စီက ဆက်သွယ်မေးမြန်းထားသည်။
ကေအိုင်စီ – ဆရာမအနေနဲ့ နီပေါနိုင်ငံမှာ တက်ရောက်ခဲ့တဲ့ အမျိုးသမီးဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြောင်းလေး သိပါရ စေ ခင်ဗျာ။
နော်ဆဲဆဲ – နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုပိုင်းရာတွေကို အဓိက လုပ်ဆောင်ပေးနေတဲ့ CREA ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ကျမတို့ကို ဖိတ်ခေါ်တဲ့အတွက် သွားရောက်ရခြင်းဖြစ်ပါတယ်။ မြန်မာပြည်က အမျိုးသမီးရေးရာတွေမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ အမျိုးသမီးများအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသမီးအဖွဲ့ တွေကို ဖိတ်ခေါ်ပြီးတော့ သင်တန်းလို့လည်း ပြောလို့ရတယ်။ နှီးနှောဖလှယ်ပွဲလို့လည်း ပြောလို့ရတယ်ပေါ့။ အဲဒီ့အတွက် တက် ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကေအိုင်စီ – နှီးနှောဖလှယ်ပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်ကြပါလဲ။ ရှင်းပြပေးပါ။
နော်ဆဲဆဲ – အဓိကကတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်မှု အခြေအနေ၊ ပြီးတော့ အခုလက်ရှိဖြစ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုအခန်းကဏ္ဍက ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာတွေအပြင် တနိုင်ငံတိုင်းစီ မှာ အမျိုးသမီးတွေအခန်းရဲ့ အခန်းဏ္ဍတွေပါဝင်နိုင်ဖို့ ကျမတို့ ဘယ်လိုဆက်ပြီး လှုပ်ရှားဆောင်ရွက်သွားကြမလဲ ဆိုတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ကေအိုင်စီ – ဆရာမတို့ ကရင်အမျိုးသမီးအစည်းအရုံး KWO အနေနဲ့ရော ဘယ်လိုအကြောင်းအရာတွေကို တင်ပြဆွေး နွေးဖြစ်ခဲ့ပါသလဲ။
နော်ဆဲဆဲ – ကျမက KWO ကိုယ်စားပြု တက်ရောက်တဲ့အခါကျတော့ အဖွဲ့ရဲ့အခြေအနေတွေ တင်ပြခဲ့တာရှိသလို အခု လက်ရှိငြိမ်းချမ်းလုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ ကျမတို့ ကရင်အမျိုးသမီးတွေထဲမှာဆို ပဒိုနော်စီဖိုးရာစိန် တစ်ယောက်ပဲ ပါဝင်တယ်။ KNU ရဲ့ ဗဟိုအမြဲတမ်း ကော်မတီဝင်ထဲမှာလည်း အမျိုးသမီး လေးယောက်ပဲ ပါဝင်တယ်။ KNU အနေနဲ့ကလည်း ၁၅ကြိမ်မြောက်ကွန်ကရက်အပြီးမှာ အမျိုးသမီးပါဝင်မှုကို ၃ဝရာခိုင်နှုန်းထည့်ထားတယ်လို့ ပြောပေမဲ့ တကယ်တမ်းလက်တွေ့မှာ အကောင်အထည်ဖော်မှု မရှိသေးပါဘူး။ အဲလိုအကြောင်းအရာတွေအပြင် လက်ရှိမြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေ တွေကိုလည်း တင်ပြဆွေးနွေးဖြစ်ခဲ့ပါတယ်။
ကေအိုင်စီ – အမျိုးသမီးတွေ ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ နှီးနှောဖလှယ်ပွဲ တက်ရောက်လာတဲ့ အခြားနိုင်ငံ တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
နော်ဆဲဆဲ – အဲဒီမှာတွေ့ရတဲ့ အဓိကစိန်ခေါ်မှုက အစိုးရတွေက ပေါ်လစီဖြစ်ဖြစ်၊ ဖွဲ့စည်းပုံမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍတွေကို ထည့်သွင်းထားပေမဲ့ အကောင်အထည်ဖော်မှု အားနည်းတာ တွေ့ရပါတယ်။ ဥပမာ နီပေါနိုင်ငံမှာ ၃၃ရာခိုင်နှုန်းထည့်ထားပေမဲ့ တကယ်တမ်း အမျိုးသမီးတွေအတွက် ကိုယ်စားပြုနိုင်တဲ့သူတွေ သိပ်မရှိတဲ့အခါကျတော့ တော် တော်လေး အခက်အခဲဖြစ်နေပြီး အမျိုးသမီးတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အသိအမှတ်ပြုတာ နည်းနေသေးတာကို တွေ့ရ ပါတယ်။
ကေအိုင်စီ – လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
နော်ဆဲဆဲ – အမျိုးသမီးတွေရဲ့ပါဝင်မှု အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး UN က ချမှတ်ပြဋ္ဌာန်းထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အရ တကယ်ဆိုရင် နိုင်ငံတိုင်းမှာ အကောင်အထည်ဖော်ရမှာဖြစ်သလို မြန်မာနိုင်ငံကလည်း UN အဖွဲ့ဝင်ဖြစ်တဲ့အတွက် ကြောင့် ဒါကိုလည်း အကောင်အထည်ဖော်သင့်ပါတယ်။ အဲဒီဆုံးဖြတ်ချက်အရ မြန်မာအစိုးရအနေနဲ့ ကျမတို့အမျိုးသမီးတွေရဲ့ ပါဝင်မှုကို သိပ်မသိသေးသလို ဖြစ်နေတယ်။ ဒီဟာက ဘာလို့ အရေးကြီးသလဲဆိုရင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့အသံတွေ၊ ခံစားချက်တွေကို အမျိုးသားတွေရော အစိုးရရော အသိအမှတ်ပြုဖို့ လိုပါတယ်။ အစိုးရတင်မကဘူး။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါ။ ဒါကိုသိတဲ့သူ တော်တော်လေးနည်းနေသေးတယ်။
ပြီးတော့ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်မှုတွေ အများကြီး ခံစားရတာတွေကို အမျိုးသားတွေအနေနဲ့ အကုန်လုံး သိမြင်ခံစားနိုင်မှာ မဟုတ်ဘူး။ ဒါကို အမျိုးသမီးတွေအတွက် ကိုယ်စားပြောပေးဖို့ လိုအပ်သလို လက်ခံပေးဖို့လည်း လိုအပ်တယ် လို့ ထင်ပါတယ်။ ဒါပေမယ့် ကျား၊ မ ခွဲခြားမှုတွေက အခုထိ ရှိနေဆဲ ဖြစ်ပါတယ်။ ယောက်ျားလေးတွေ မပြောနဲ့။ မိန်းကလေးအ ချင်းချင်းတောင်မှ မိန်းကလေးဆိုတာ အိမ်မှာပဲနေပြီး အိမ်မှုကိစ္စတွေလုပ်ရမယ်။ ဦးဆောင်မှုအပိုင်းတွေမှာ အမျိုးသားတွေနဲ့ တန်းတူ မလုပ်နိုင်ဘူးဆိုတဲ့ အမြင်လေးအချို့ ရှိနေသေးတာကို တွေ့ရပါတယ်။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဒီအမြင်တွေ ပပျောက်အောင် ဆက်လက် လုပ်ဆောင်သွားရအုံးမှာ ဖြစ်ပါတယ်။