Home တွေ့ဆုံမေးမြန်းခန်း လက်နက်ချ သင်္ဃန်းညီနောင် ဗျူဟာမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

လက်နက်ချ သင်္ဃန်းညီနောင် ဗျူဟာမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

332

လက်နက်ချ သင်္ဃန်းညီနောင် ဗျူဟာမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

‘ရာပေါင်းများစွာရှိတဲ့အသက်တွေကို မိသားစုတွေရော၊ ကလေးတွေရော၊ လူနာတွေရော ကျနော်ကယ်တင်နိုင် တယ်ပေါ့။ ဒီလိုကယ်နိုင်တာဖြစ်တဲ့အတွက် ကျနော်ဘဝတော့ ပေးဆပ်ရမှာပေါ့။ ကျနော်ဘဝ ပေးဆပ်ရတဲ့အပေါ်ကိုလည်း ကျနော်ခံယူရမှာပေါ့လေ။ အသက်ပေါင်းများစွာကို ကယ်ခဲ့တဲ့အတွက် နိုင်ငံတော်ကပေးတဲ့ အပြစ်ကိုတော့ ခံယူရမှာပေါ့။’ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်

————–

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့မှာ မြဝတီရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူ ဟာ အခြေချစခန်း၊ ခြေမြန်တပ်ရင်း (ခမရ -၃၅၆)နှင့် (ခမရ -၃၅၇) စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်သိမ်းပိုက်ရာမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ် ဦးဆောင်တဲ့ အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့ တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ မိသားစုဝင် ၈၁ ဦးတို့အပါအဝင် စုစုပေါင်း ၆၁၇ ဦးလက်နက်ချခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်စဥ်အတွင်း လက်နက်ချအညံ့ခံရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်ကို ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါတယ်။

————–

မေး။ သင်္ဃန်းညီနောင် ဗျူဟာမှူးအနေနဲ့ ဘာကြောင့် လက်နက်ချခဲ့ရသလဲ။ ဒီလိုကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တဲ့နေရာမှာ ဘယ်လောက်ခက်ခဲခဲ့လဲ။
ဖြေ။ ဒါကတော့ ကျနော့် အနေနဲ့ဖြေရတာခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျနော့် ဘဝအပြောင်းအလဲပါပဲ။ ကျနော် ဗျူဟာမှူးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကျနော်ခုခံပိုင်ခွင့်ရှိတဲ့ဟာကို ခုခံနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ကျနော်ဆက်ပြီး လုပ်မယ်ဆိုရင်တော့ သူသေကိုယ်သေ ကျနော်ဖြစ်မယ်ဆိုတာလည်း တွက်ထားပြီးသားပါ။ အဲ့အချိန်မှာ မိသားစုတွေရဲ့ အသက်တွေက အများကြီးပါ။ ကျနော်ရဲ့လူနာတွေနဲ့ မိသားစုတွေဟာ ရာနဲ့ချီပါတယ်။ အဲ့ဒီအတွက်ကို ကျနော်ရာပေါင်းများစွာ လူတွေရဲ့အသက်ကို ကျနော့်ဘဝနဲ့ရင်းနှီးပြီး‌တော့ ကယ်ခဲ့တယ်။ ကျနော် ကတော့ ဒီလိုဆုံးဖြတ်ချက်ချဖို့အတွက် ကျနော့်မှာ ဘက်ပေါင်းစုံက လက်အောက်ငယ်သားတွေကိုလည်း ပြောဆိုမှုတွေလုပ်ရသလို အထက်ဌာနကိုလည်း ကျနော်တင်ပြလို့မရပါဘူး။ ဒါဟာ ကျနော့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နဲ့ ကျနော်ဘဝကို ရင်းပြီးလုပ်ခဲ့ရတာပါလို့ ဒီလောက်လေးနဲ့ပဲ ဖြေချင်ပါတယ်။

မေး။ တိုက်ပွဲကြောင့်ရွာတွေမီးလောင်ပျက်စီးနေရတယ်။ ဒေသခံပြည်သူတွေလည်း ထွက်ပြေး တိမ်း ရှောင်နေရတယ်။ ဒီအခြေအနေပေါ် ဘာပြောချင်လဲ။
ဖြေ။ ကျနော် ပြောချင်တာက ကျနော်ဟာ သင်္ဃန်းညီနောင်တပ်နယ် ဗျူဟာမှူးပေါ့နော်။ သင်္ဃန်းညီနောင် တပ်နယ်ဆိုတာ ကျနော် တာဝန်ထမ်းဆောင်တဲ့နေရာဆို‌တော့ ကျနော့် နေရာပဲလေ။ သင်္ဃန်းညီနောင်ကလည်း ကျနော့်ရဲ့ နယ်မြေပဲ။ ကျနော့်နယ်မြေ တည်ငြိမ်အေးချမ်းဖို့အတွက် ကျနော်ရောက်ရောက်ချင်းမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ ပြည်သူလူထုတွေလည်း သိပါတယ်။ စစ်မီးမဖြစ်နိုင်အောင်လည်း ကျနော် အများကြီးကြိုး စားပြီး‌‌တော့ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုကြားထဲမှာမှ အရပ်သားပြည်သူတွေ တိမ်းရှောင်ရအောင်တော့ ကျနော်တို့က‌ မလုပ်ပါဘူး။ ကျနော် တို့ကလည်း အရပ်သားတွေကို ဖယ်ပါလို့ တိမ်းရှောင်ပါလို့ မပြောပါဘူး။ ဘာလို့ဆို ကိုယ့်ပြည်သူတွေဖြစ်တဲ့အတွက် ကိုယ်ကတော့ သူတို့ကို အဲ့လို တိမ်းရှောင်ပါလို့ မပြောပါဘူး။ ဒါပေမယ့်လည်း တစ်ဖက်ကလူတွေကတော့ ဖယ်ခိုင်းတာတို့ ဘာတို့လုပ်တတ်တယ်။ အဲဒါ သူတို့တိမ်းရှောင်သွားရတယ်။

ဒီနေအိမ်ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ပြန်ကြည့်မယ်ဆိုရင်‌တော့ ဒီစစ်ပွဲဖြစ်လာတာ တစ်ယောက်နဲ့တစ်ယောက် ပစ်ခတ်မှုတွေဖြစ်မယ်။ ပစ်ခတ်မှုတွေဖြစ်တော့ ဆုံးရှုံးမှုတွေတော့ဖြစ်လာမှာပဲလေ။ ဒါကို ကျနော်တို့ အနေနဲ့ကြည့်မယ်ဆိုရင် ကျနော်တို့က ကိုယ်ခံရလို့ သူများကိုလုပ်တယ်ဆိုတာ မရှိပါဘူး။ တပ်မတော် လုပ်ထုံးလုပ်နည်းဥပဒေတွေကိုပဲ လက်ကိုင်ထားပြီး‌တော့မှ ခုခံသင့်တဲ့ဟာကိုပဲ ခုခံတယ်။ ကာကွယ်တယ်။ ဒါကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျနော့်ဆီက ဖယ်တာရှားတာတော့ မလုပ်ပါဘူးခင်ဗျာ။ ဘာလို့ဆို ကိုယ့်နယ် မြေဖြစ်တာလေ။ ကျနော်နေတဲ့နယ်မြေကို ကျနော်စည်းရုံးရမယ်။ ပျော်ရွှင်အောင်လုပ်ရမယ်။ သာယာအောင် လုပ်ရမယ်။ ကျနော့်မှာလည်း တာဝန်ရှိပါတယ်။ တည်ငြိမ်အောင်လုပ်ဖို့လည်း ကျနော့်မှာ တာဝန်ရှိပါတယ်။

မေး။ အာဏာသိမ်းမှုကြောင့် တိုင်းပြည်အခြေအနေက တော်တော်လေးကို ဆိုးဝါးလာနေတဲ့ အခြေအနေအပေါ် ဗျူဟာမှူးအနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။
ဖြေ။ ကျနော်တို့ကတော့ တပ်မတော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့တာပေါ့။ အာဏာသိမ်းတယ်လို့တော့ ကျနော် တို့က ပြောလို့မရဘူးလေ။ ကျနော်တို့ဘက်က တပ်မ‌တော်ရဲ့ လူကြီးတွေရော ဘာရော အာဏာထိန်းသိမ်းမှုကို ကျနော်တို့ လုပ်ခဲ့ရတာပေါ့။ အာဏာထိန်းသိမ်းမှုလုပ်ခဲ့တဲ့အချိန်မှာတော့ နိုင်ငံတစ်ခုကို ကောင်းဖို့လုပ်တဲ့ အချိန်မှာတော့ အဆင်မပြေတာတွေလည်း ကြုံတွေ့ရမှာပေါ့ဗျာ။ ကျနော်တို့ကလည်း ဒီလမ်းကြောင်းကြီးကို လျှောက်နေရတာဖြစ်တဲ့အတွက် ကျနော်တို့အပေါ်မှာ ဒီစစ်နည်းတွေ အမိန့်တွေ အာဏာတွေနဲ့ ကျနော်တို့သွားရတာပါ။ နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ ကျနော်တို့က နိုင်ငံရေးသုတေသီလည်း မဟုတ်ဘူး။

ဒါပေမဲ့လည်း နိုင်ငံဖြစ်ပေါ်နေတဲ့အပေါ်မှာတော့ လက်ရှိအကျိုးသက်‌‌ရောက်မှုကိုတော့ ဘယ်သူ့ကိုမေးမေး ဒါလည်း သိနိုင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ နိုင်ငံရေးကို သိပ်ပြီးတော့ အကျွမ်းတကျင် မရှိပါဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရင်တော့ အဲလိုမျိုး ဘယ်လိုထင်တယ်ဘာတို့က နိုင်ငံရေးဆိုတာ ထင်ကြေးတွေပဲ ပြောကြ တာများပါတယ်။ ဒီလိုထင်ကြေးတွေပဲပြောရင်တော့ လူတိုင်းကတစ်ယောက်တစ်မျိုး ထင်ကြတာပဲ။ တချို့လူတစ်ယောက်က ဆယ်မျိုးလောက်ထင်ရင်လည်း ထင်နေမှာပေါ့။ ဒီလိုမျိုး‌တော့ ကျနော်ထင်ကြေးပေးလို့ အဆင်မပြေပါဘူးခင်ဗျာ။

မေး။ စစ်တပ်ဘက်က လေကြောင်းသုံးတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်မှုအပေါ်မှာကော ဗျူဟာမှူးအနေနဲ့ ဘယ်လိုပြောချင်လဲ။
ဖြေ။ စစ်တစ်ခုတိုက်တယ်ဆိုတာ တစ်ဖက်မှာ အားကြီးတဲ့လူက အနိုင်များပါတယ်လေ။ ကျနော်တို့က အနည်းအကျဥ်း လူနည်းစုတစ်ခုကို လူအများကြီးတိုက်ပြီဆိုရင် ခံစစ်ကခက်နေပြီလေ။ ခက်တော့ ကျနော်တို့မှာ စစ်ကူပစ်အားမရှိတဲ့နေရာမှာ ဒီတပ်မတော်ကနေပြီးတော့ လေကြောင်းပစ်ကူအကာကွယ်လေးနဲ့ ကျနော်တို့က နေရာကိုခုခံကာကွယ်ဖို့လုပ်နေရတာပါ။ ကျနော်တို့ လေကြောင်းကနေပြီးတော့ နယ်မြေတိုးချဲ့တိုက်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဘာလို့ဆို ကျနော်တို့ လေကြောင်းတိုက်ခိုက်တယ်ဆိုတာကလည်း ကျနော်တို့နေရာတွေကို လာတိုက်ခိုက်တာဖြစ်တဲ့အတွက် ကျနော်တို့လူတွေကမခံနိုင်တဲ့အတွက် လေကြောင်းပစ်ကူနဲ့ ပေးရတာပါ။ ဒီလေကြောင်းပစ်ကူပေးရတဲ့အပေါ်မှာတော့ ကျနော်လည်း အဲ့လောက်အများကြီး မကြုံခဲ့ပါဘူး။ အခု ဒီစစ်ဆင်ရေးမှာပဲ ကျနော် ဒါလေးပဲကြုံခဲ့ဖူးပါတယ်။

လေကြောင်းပစ်ကူက‌‌တော့ ကျနော်တို့အတွက် ဒီအနောက်အားမရှိတဲ့အချိန်မှာတော့ အပေါ်ကနေ အားတစ်ခုလေးတော့ ဖြစ်တာပေါ့။ ဒါကလည်း အားနည်းတဲ့လူကို အားကူပေးတဲ့သဘောပါပဲ။ ကျနော်တို့လေကြောင်းနဲ့ တိုက်စစ်ဆင်ပြီးတော့ အဲ့လိုလုပ်တာတော့ ကျနော်အနေနဲ့ မတွေ့ဖူးပါဘူး။ ကျနော်တို့ အားနည်းနေလို့ ကျနော့်ရဲ့တပ်မတော်သားတွေ အားရှိအောင်လို့ ပြီးရင်ခံနိုင်ရည်ရှိအောင်လို့ ဒီနေရာကိုဆက်ပြီးထိန်းသိမ်းနိုင်အောင်လို့ပဲ ကျနော်တို့က ရည်ရွယ်ပြီးတော့လုပ်တယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။

မေး။ မြဝတီ‌‌ဒေသမှာ ကျန်နေသေးတဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတွေက ဆက်လက်ဝင်တိုက်ဖို့ အလားအလာနဲ့ ပတ်သက်ပြီး ဘယ်လိုသိရှိထားပါသလဲ။
ဖြေ။ တစ်ဖွဲ့ဖွဲ့ကတော့ ကျနော်တို့ သင်္ဃန်းညီနောင်ကို တိုက်မယ်ဆိုပြီး ပြောထားတာတွေကိုလည်း အချိန် ကာလတွေတော်တော်ကြာပါပြီ။ ကျနော်တို့က အချိန်ကာလအများကြီးကြာမယ်။ လူအင်အားအများကြီးနဲ့ လည်းတိုက်မယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ကျနော်တို့က တပ်မတော်သားတွေ ဖြစ်တယ်လေ။ တပ်မတော်သား တွေဖြစ်တဲ့အတွက် လက်ရှိကျနော်တို့ နေရာကို ရုတ်တရက်စွန့်ခွာလို့လည်း မရဘူး။ ခွဲနေလို့လည်းမရဘူး။ ကျနော်တို့ရဲ့နေရာကို ကာကွယ်ရမှာပေါ့။ ခုခံပိုင်ခွင့်ရှိသလောက်ကို ကျနော်တို့က ခုခံပိုင်ခွင့်ရသလောက်ပဲ ကာကွယ်‌ပေးရတာပေါ့။ တိုက်မယ်ဆိုတာကတော့ အားလုံးက‌တော့ သတင်းတွေထွက်နေတာလည်း ကြာပါပြီ။ သင်္ဃန်းညီနောင်ကို ရနေတာကြာပါပြီ။ မြဝတီကိုလည်း လုပ်မယ်လို့ ကြာပါပြီ။ ကျနော်တို့လည်း လာတိုက်ကြမယ့်ဟာကို ကြိုပြီးတွေးပြီးတော့ နိုင်သလောက်ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့လည်း တချို့ဟာတွေကျရင် မထင်မှတ်တဲ့နေရာတွေကလည်း အားနည်းချက်တွေဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ ရှုံးခဲ့ရတယ်လို့ ထင်ပါတယ်။

မေး။ ဗျူဟာမှူးအနေနဲ့ အနာဂတ်အတွက် ဘယ်လိုစဥ်းစားထားလဲ။
ဖြေ။ ကျနော်ကတော့ တပ်မတော်သားဖြစ်တဲ့အတွက် ကျနော့်လက်အောက်မှာရှိတဲ့ ရာနဲ့ချီတဲ့တပ်အင်အား တော်တော်များပါတယ်။ ရာပေါင်းများစွာရှိတဲ့ အသက်တွေကို မိသားစုတွေရော၊ ကလေးတွေရော၊ လူနာတွေရော ကျနော်ကယ်တင်နိုင်တယ်ပေါ့။ ဒီလိုကယ်နိုင်တာဖြစ်တဲ့အတွက် ကျနော်ဘဝတော့ ပေးဆပ်ရမှာပေါ့။ ကျနော်ဘဝ ပေးဆပ်ရတဲ့အပေါ်ကိုလည်း ကျနော်ခံယူရမှာပေါ့လေ။ ဘာလို့ဆို ကျနော်လူကြီးကိုး။ ကျနော်ဒါကိုပေးဆပ်ရဖို့အတွက် ဆုံးဖြတ်ရတာပေါ့။ ခက်ခက်ခဲခဲ ကျနော် ဆုံးဖြတ်ပြီးသွားပြီ။ အဲ့ဒီ‌တော့ ဘဝမှာတော့ အသက်ပေါင်းများစွာကို ကယ်ခဲ့တဲ့အတွက် နိုင်ငံတော်ကပေးတဲ့ အပြစ်ကိုတော့ ခံယူရမှာပေါ့။ ဒီခံယူမှုကလည်း မခံယူလို့မှမရတာလေ။ ကျနော်ကလည်း အားလုံးကို ကောင်းစေချင်လို့ လုပ်ကြည့်တာပါ။ ဒါပေမဲ့လည်း ကျနော့်အတွက်ကတော့ မကောင်းဘူးပေါ့။ ပြီးတဲ့အထိကို‌တော့ ခံယူရမှာပဲ။

မေး။ တိုင်းပြည်အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ လက်ရှိအနေအထားအပေါ် ဗျူဟာမှူးအနေနဲ့ကတော့ ဘယ်လိုသုံးသပ်လဲ။
ဖြေ။ သမိုင်းအစဥ်ဆက်နဲ့ပြောကြည့်ရင်‌တော့ ကျနော်တို့မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာတဲ့ ရာဇသံလို့ပြောပြော ကျိန်စာလို့ပြောပြော ကျနော်တို့မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တဲ့ဟာတွေ ပြန်ကြည့်မယ်ဆိုရင်တော့ တပ်မတော်နဲ့ ဟိုဟာနဲ့က ယှဥ်တွဲပြီးသွားတဲ့အချိန်မှာ အားလုံးအဆင်ပြေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့လည်း သမိုင်းကြောင်းပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ် ကျနော်တို့မြန်မာနိုင်ငံရဲ့အခြေအနေပေါ်ကို ထိန်းတဲ့အချိန် လည်းရှိတာပေါ့။ အဲ့လိုထိန်းတဲ့အချိန်မှာလည်း အဆင်ပြေတဲ့အချိန်ရှိသလို မပြေတဲ့အချိန်လည်းရှိပါတယ်။ ကျနော်တို့က အာဏာကိုထိန်းကျောင်းပြီးမှ နိုင်ငံရေးပြောင်းလဲမှုတွေကို အဆင်ဆင့်ပုံဖော်နေတယ်လို့ ကျနော်‌ ထင်ပါတယ်။

မေး။ စစ်တပ်အဆက်ဆက်က တိုင်းရင်းသားပြည်သူတွေပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်တယ်လို့ ထောက်ပြပြောဆိုမှုတွေအပေါ်မှာကော ဘာပြောချင်လဲ။
ဖြေ။ လူမျိုးရေးကြောင့်လည်းပါသလို အခြေအနေအကြောင်းကြောင့်လည်း ပါပါတယ်။ အခု လူမျိုးရေး ကိုပြောရမယ်ဆိုရင် ကျန်တဲ့နေရာမှာလည်း ဗမာမဖြစ်ဘူးလားဆိုတော့ ဗမာတွေလည်း ဒုက္ခရောက်နေရတာပါပဲ။ ကျနော်တို့လည်း မြန်မာလူမျိုးပါပဲ။ ဒါပေမဲ့လည်း လူတိုင်းက‌တော့ အခက်အခဲပြဿနာဖြစ်ပြီဆိုရင်တော့ ဒုက္ခတွေအကုန်လုံးနဲ့ခါးစည်းခံရတာပါပဲ။ နေရာတိုင်းမှာလည်း အခက်အခဲမျိုးစုံနဲ့ ကြုံနေရတာပါပဲ။ ကျနော်ကြုံ တွေ့ရတဲ့အခက်အခဲတွေကို ပြောပြရမယ်ဆိုရင်လည်း လူတစ်ယောက်အခက်အခဲဆိုတာ ပြောလိုက်ရင်တော့အများကြီးရှိပါတယ်။ ကျနော်အခု ခံစားနေရတဲ့အခက်အခဲတွေ ပြောပြရရင်တော့ အများကြီး ပါပဲ။ လူတစ်ဦးတစ်ယောက်မှာ ဒီလောက်အခက်အခဲများနေရင်တော့ ကျနော်တို့နိုင်ငံရေးမှာလည်း အခက်အခဲတွေကြုံနေရမှာပဲ။ အဲဒါကို အ‌ကောင်းဆုံးဖြေရှင်းပြီး‌‌ သွားရင်တော့ ငြိမ်းချမ်းမှာပေါ့။

မေး။ လက်ရှိစစ်ရေးအနေအထားက ဘယ်သူနိုင်မယ်လို့ ယူဆပါသလဲ။
ဖြေ။ ကျနော်က တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်ဆိုတာကလည်း ရှေးအစဥ်ဆက်တည်းက ထားလာတာဖြစ်တဲ့အတွက် ကျနော်ကတော့ တပ်မတော်သားနိုင်မယ်လို့တော့ ပြောရမယ်။ ဒါပေမဲ့လည်း နိုင်တယ် ရှုံးတယ်ဆိုတာကလည်း ဘယ်ပေါ်မှာ ဆုံးဖြတ်မှာလဲ။ ဘယ်ပေါ်မှာ ကျနော်တို့ ယူမှာလဲ။ အဲဒီတော့ နိုင်တယ်ရှုံးတယ်ဆိုတာက လူတွေသေတဲ့အပေါ်မှာ ယူရမှာလား။ ဒါကတော့ နိုင်ငံအရပြောပြော ၊ စစ်‌‌ရေးအရပြောပြော နိုင်တယ်ရှုံးတယ်ဆိုတာက‌တော့ ပြောရတာအဆင်မပြေဘူး။ ကျနော်တို့က တပ်မတော် သားဖြစ်တဲ့အတွက် ကျနော်တို့တပ်မတော်ကြီးကတော့ အဓွန့်ရှည်အောင် ကျနော်တို့ကလည်း ကြိုးစား ဆောင်ရွက်ကြရမှာပဲ။ လက်ရှိဖြစ်နေတဲ့အတိုင်းအတာအရ စစ်ပွဲဖြစ်ပြီဆိုရင်တော့ နေရာတိုင်းမှာ အပျက် အစီးတွေပဲ ကျနော်တို့ တွေ့မြင်ရမှာပါ။ ကျနော်တို့ကိုယ်တိုင်လည်း အသက်မသေချင်ဘူး။ ပျက်စီးမှုတွေနဲ့ပဲ ကျနော်တို့ကြုံပြီး ဖြစ်ခဲ့ရတာပေါ့။ အဲဒါကြောင့် စစ်ပွဲတွေဖြစ်နေသမျှတော့ ကျနော်တို့ ပျက်စီးမှုတွေ များနေဦးမှာပဲ။ ငြိမ်းချမ်းစေချင်တာပါပဲ။

မေး။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ဘယ်လိုပုံစံနဲ့ လုပ်ရင် အဆင်ပြေနိုင်မလဲ။
ဖြေ။ ကျနော့်အနေနဲ့ပြောရင် နိုင်ငံရေးကိုတော့ ကျနော် ပထမကပြောသလိုပဲ တအားကြီးကို‌တော့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို လျှောက်လမ်းတဲ့လူမဟုတ်တဲ့အတွက် မသိဘူး။ ဒါပေမဲ့ လူတိုင်းလူတိုင်းက အကောင်းတွေကိုပဲ ဦးတည်ပြီး လျှောက်လမ်းနေတယ်လို့ ရဲရဲကြီး အာမခံပါတယ်။ လူတစ်ယောက်ဟာ လမ်းစလျှောက်တတ်ပြီဆိုရင် သူလမ်းကိုတည့်တည့်လျှောက်အောင် ယိုင်လိုက်ထိုးလိုက်နဲ့ နောက်တည့်တည့်လျှောက်တတ်သွားတာပဲ။ ဒီလိုပါပဲ ကျနော်တို့က တစ်ခုခုကို ပြောင်းလဲတော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် ကောင်းတဲ့ဘက်ကို ရည်ရွယ်ပြီးတော့ပဲ စပြီးလျှောက်ကြတာပါ။

ဒီပေါ်မှာမှ မလောက်ငှနိုင်တဲ့ အခြေအနေတွေ မထင်မှတ်ထားတဲ့ အကြောင်းအရာတွေကြောင့်သာ ဖြစ်ပြီးမှ မကောင်းတဲ့ဆိုးကျိုးတွေ ကြုံနေတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက‌‌တော့ ဗုဒ္ဓဘာ သာနိုင်ငံဖြစ်တဲ့အတွက် တည်ငြိမ်အေးချမ်းမယ်လို့ ကျနော့်အနေနဲ့ ဖြေချင်တယ်။ ဒါကျနော့် ယုံကြည်ချက်ပါပဲ။ ကျန်တာတော့ အဲ့လိုမဟုတ်ပါဘူး။ ဘာမှ ကျနော် နိုင်ငံရေးကို ပြောတာမဟုတ်ပါဘူး။

# ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာ၊ ဗျူဟာမှူး ကြည်း-၃၀၈၇၆ ဗိုလ်မှူးကြီးထွန်းထွန်းလတ် (၄၈)နှစ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမှတ် (၃) စစ်ဗျူဟာမှူးအဖြစ်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုချက်အရ သိရသည်။

သူသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသည့် အရပ်သားပြည်သူများအား ပစ်ခတ်ဖြိုခွင်းရာတွင် အဓိက ဦးဆောင်သူဖြစ်သည်ဟု ဒေသတွင်းအခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည်။