Home သတင်း ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ကို UID စမတ်ကဒ်အချက်အလက်ဖြင့် ဖြတ်သန်းခွင့်ပြုသည့်စနစ် ပြောင်းလဲ ကျင့်သုံး

ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ကို UID စမတ်ကဒ်အချက်အလက်ဖြင့် ဖြတ်သန်းခွင့်ပြုသည့်စနစ် ပြောင်းလဲ ကျင့်သုံး

1045
Photo: (လူမှုကွန်ရက်)

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ကို Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) အထောက်အထားပြသမှတ်တမ်းတင် စစ်ဆေးပြီးမှ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ထုတ်ပေးသည့်စနစ်ကို ယမန်နေ့ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီက စတင် ကျင့်သုံးနေပြီဟု သိရသည်။

အဆိုပါ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်၊ ဇီဝဆိုင်ရာ အချက်အလက်များအား ကောက်ခံမှတ်တမ်းတင်ပြီး ထုတ်ပေးသည့် အီလက်ထရွန်းနစ်စနစ် (စမတ်ကဒ်) မှတ်ပုံတင်ကဒ်နှင့် မှတ်ပုံတင် ကုဒ်နံပါတ် ၁၀ လုံးပါ အချက် အလက်များအား တံတားဖြတ်သန်းခွင့်ထုတ်ပေးသည့်နေရာတွင် ပြသစစ်ဆေးမှုခံယူပြီးမှသာ နယ်စပ် ဖြတ်ကျော်ခွင့် အထောက်အထားကို ထုတ်ပေးကြောင်း မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် နီးစပ်သည့်မြို့ခံက “အခု စမတ်ကဒ်ကုဒ် ၁၀ လုံး ရတဲ့သူမှ တံတားကနေ မဲဆောက်သွားလို့ ရတယ်။ အရင်က မှတ်ပုံတင်ပန်းရောင်ကဒ်တွေက အတုလုပ်တာတွေ ရှိတော့ စမတ်ကဒ်၊ (အီလက်ထရွန်းနစ်) ကဒ်စနစ်နဲ့ ပြောင်းလိုက်တာ၊ ကုဒ်နံပါတ် ၁၀ လုံး စက်ထဲ ရိုက်ထည့်ရင် ကိုယ့်ရဲ့ အချက်အလက်တွေ အကုန်ပေါ်လာမယ်။ လက်ဗွေ ၊ မျက်လုံးစကန်၊ ကိုယ်ရေးအချက်အလက်တွေ တိုက်စစ်ပြီးမှ မဲဆောက်ဘက် သွားလို့ ရတဲ့ကဒ်ထုတ်ပေးမယ်ပေါ့။”ဟု ပြောသည်။

ထိုသို့ စစ်ဆေးမှုလုပ်ဆောင်ရာတွင် ပြစ်မှုကျူးလွန်ထားသူများ၊ နိုင်ငံရေးလုပ်၍ အလိုရှိသူများ၊ အာဏာဖီ ဆန်ရေး လှုပ်ရှားမှု (CDM) လုပ်ထားသော ဝန်ထမ်းများကို စုံစမ်းစစ်ဆေးတွေ့ရှိပါက တံတားဖြတ်သန်းခွင့်မပြုဘဲ ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်နိုင်ရန်အတွက် ယခုလို နည်းပညာနှင့်ချိတ်ဆက်စစ်ဆေးသော စနစ်ကို ပြောင်းလဲ အသုံးပြုခြင်းဖြစ်ကြောင်းလည်း မြဝတီ လဝကနှင့် နီးစပ်သည့် ၎င်းမြို့ခံက ဖြည့်စွက်ပြောဆိုသည်။

Photo: (လူမှုကွန်ရက်)

ယခုလို မြန်မာဘက်ခြမ်းမှ တံတားဖြတ်သန်းမှုစနစ်အပြောင်းအလဲကြောင့် မြဝတီမြို့သို့ ရောက်ရှိနေသည့် ခရီး သွားများအနေဖြင့် ယမန်နေ့မှ စတင်ကာ စမတ်ကဒ်မလုပ်ရသေးသည့် နယ်စပ်ဖြတ်သန်းလိုသူများ မြဝတီလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးတွင် လူရာချီစာရင်းသွင်း မှတ်ပုံတင်နေကြရကြောင်း မြို့ခံများက ပြောသည်။

သို့သော် စမတ်ကဒ်နှင့် နယ်စပ် ဖြတ်သန်းခွင့် ဝန်ဆောင်မှုပေးသည့် ပွဲစားများဖြင့် ပြုလုပ်ပါက အမြန်ကြေး ကျပ်ငွေ ငါးသောင်းမှ ကျပ်တစ်သိန်း အထိပေးပြီး စမတ်ကဒ် ထုတ်ယူ၍ရကြောင်း အမည်မဖော်လိုသူ မြဝတီ မြို့ခံတစ်ဦး ယခုလို ပြောသည်။

“မြဝတီသားတွေကတော့ လုပ်ပြီး ကြပြီ။ အချက်အလက်မှားနေတာ၊ နာမည်လွဲနေတာမျိုးကို ပြန်လာပြင် စာရင်းသွင်း တာမျိုးပဲရှိတော့တယ်။ အခြားနယ်က လူတွေကတော့ ရောက်တဲ့နေရာက လဝကရုံးမှာ စာရင်း သွင်း၊ နံပါတ် ၁၀ လုံး ယူလို့ ရတယ်ဆိုတော့ မြဝတီ-မဲဆောက် တက်လာသူတွေ မြဝတီလဝကရုံးမှာ စာရင်းသွင်း စမတ် ကဒ်ထုတ်တာ လူအများကြီး ဖြစ်သွားတာပေါ့။ ပွဲစားနဲ့လုပ်ပြီး အမြန်လိုသူတွေကတော့ ပိုက်ဆံ ၅သောင်း ၊ ၁ သိန်းပေးကြတာပါ့”ဟု ၎င်းမြို့ခံက ပြောသည်။

ထိုသို့ စမတ်ကဒ် စစ်ဆေးသည့်စနစ် ပြောင်းလိုက်သည့်အတွက် မဲဆောက်ဘက်သို့ ယာယီနေထိုင်ခွင့်ဖြင့် သွား လာ နေထိုင်သူများသည် ပြန်လည်ကဒ်သက်တမ်းတိုး ပြုလုပ်ချိန်တွင် စမတ်ကဒ်မရှိသည့်အတွက် စစ်ဆေး တားမြစ် ပယ်ဖျက်ခံရမှုများရှိလာမည်ကို စိုးရိမ်နေကြရကြောင်း စမတ်ကဒ်မပြုလုပ်ရသေးချိန်တွင် မဲဆောက်ဘက်ယာယီ တစ်ပတ်နေထိုင်ခွင့်ဖြင့် နေထိုင်နေသူများက ပြောသည်။