Home တွေ့ဆုံမေးမြန်းခန်း မြဝတီပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နောက်ဆုံးအခြေအနေအပေါ် ကျားဖြူ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်နှင့် မေးမြန်းချက်

မြဝတီပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နောက်ဆုံးအခြေအနေအပေါ် ကျားဖြူ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်နှင့် မေးမြန်းချက်

284

မြဝတီပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နောက်ဆုံးအခြေအနေအပေါ် ကျားဖြူ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်နှင့် မေးမြန်းချက်

ဧပြီ ၁၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

“ရန်သူဘက်က မြဝတီကို သွားနိုင်ဖို့ ဒီအင်အားလောက်နဲ့တော့ သူတို့ ထိုးဖောက်လို့ လွယ်ကူမှာမဟုတ်ဘူး။” ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ထိုင်း-နယ်စပ် မြဝတီမြို့ကို ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီဘက်မှ နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သံချပ်ကားများအပါအဝင် တပ်အင်အား ၅၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကော့ကရိတ်မြို့ အာရှလမ်းမမှ တစ်ဆင့် မြဝတီမြို့သို့ ချီတက်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် အထိအခိုက်အကျအရှုံးများ၍ ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်အား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ မြဝတီမြို့ကို ပြည်လည်ရရှိဖို့အတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ အခု နောက်ဆုံးအခြေအနေကို ပြောပြပေးပါအုံး။
ဖြေ။ အခုတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ကော့ကရိတ်မြို့မှာ တစ်ဝက်ရှိတယ်။ ပြီးတော့ ကော့နွဲ၊ ရွာသစ်ကုန်းနဲ့ တတန်ကူးအကျော်မှာလည်း တစ်ဖွဲ့ရောက်နေတယ်ပေါ့နော်။ တက်လာတာက တပ်မ(၅၅)တပ်တွေလို့ သိရတယ်။ အင်အားက အယောက် ၅၀၀ လောက်ရှိမယ်။

မေး။ အခု တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားဖြတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ။
ဖြေ။ မြေပြင်မှာ တိုက်ပွဲက နေ့ရောညပါ တိုက်ပွဲဖြစ်ပွားတာရှိတယ်။ ပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီး ပြီးတော့ အခုရက်ပိုင်းမှာ လေယာဉ်နဲ့က တော်တော်လေးကို ပစ်ခတ်အသုံးပြုနေတာရှိတယ်။ လေယာဉ်က ပိုပြီး အသုံးပြုတိုက်ခိုက်နေတယ်။ သူတို့ အဓိက ဦးတည်လမ်းကြောင်းကတော့ ဒီအာရှလမ်းမကို အဓိက အသုံးပြု တက်လာတာဖြစ်တယ်။ အာရှလမ်းအတိုင်းတက်လာတာရှိတယ်။ ပြီးတော့ လမ်းတစ်ဖက်တစ်ချက်စီ တောလမ်းဘက် လည်းတက်လာတာတွေရှိတယ်။

ဒီဘက် (တော်လှန်ရေးတပ်ဖွဲ့)ဒရုန်းတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်တာက သံချပ်ကားကတော့ တစ်စီး ပျက်သွားတယ်။ စစ်ကားကြီးတွေကတော့ လေးစီးငါးစီးလောက်တော့ ပျက်စီးသွားတာရှိတယ်။ ပြီးတော့ ဒီရက်ပိုင်းမှာ တက်လာတဲ့ရန်သူတွေသေတာက အယောက် ၁၀၀ လောက်တော့ရှိသွားပြီး။ သူတို့တက်လာတာ ပထမရက်မှာက သံချပ်ကားကို ရှေ့ထားပြီးတက်လာတယ်။

မေး။ မြဝတီကို စစ်ကောင်စီတပ် ထိုးဖောက်နိုင်ဖို့ အလားအလာက ဘယ်လိုရှိပါသလဲ။ မြေပြင်အခြေအနေနဲ့ ပထဝီအနေအထားကို အခြေခံပြီး သုံးသပ်ပေးပါအုံး။
ဖြေ။ ရန်သူဘက်က မြဝတီကို သွားနိုင်ဖို့က ဒီအင်အားလောက်နဲ့တော့ သူတို့ ထိုးဖောက်လို့တော့ လွယ်မှာ မဟုတ်ဘူး။ သူတို့အတွက်က အခက်အခဲတော့ တော်တော်ရှိမယ်။ ပြီးတော့ ဒီဘက်မှာ ရှိနေတဲ့ စစ်ကောင်စီ တပ်လောက်နဲ့က သူတို့ ပြန်တိုက်မနိုင်တော့လို့ ရှမ်းပြည်နယ်က တပ်အင်အားကို ခေါ်လာပြီး သုံးရတယ်လို့ ပြောရမယ်။ အဓိကတော့ ဒီဘက်သူတို့အင်အားက နည်းသွားပြီး အဲလောက်မကျန်တော့လို့ ဟို ဘက်ကို စစ်ကူခေါ်လာရတာလည်းပါမယ်။

မေး။ အခု ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို အချို့သော ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေက လမ်းကြောင်းကူညီပေးတာတွေရှိတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ထွက်လာတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ။
ဖြေ။ သတင်းတွေ ထွက်သလို BGF တံဆိပ်တို့၊ PC (ငြိမ်းချမ်းရေးကောင်စီ)တံဆိပ်တပ်ပြီး တက် လာတာရှိတာတွေ၊ သူတို့တွေ ကူညီပေးတာရှိတာတွေက မြေပြင်မှာတော့ အဲဒါတွေ ကျနော်တို့မတွေ့ရဘူး။ စစ်ကောင်စီကို ကူညီပေးပြီး တက်လာရင်တော့ ဘယ်သူမဆို ကျနော်တို့က ပစ်ရမှာပဲ။ ဘယ်အဖွဲ့ဆိုပြီ းပြောလို့မရဘူး။ စစ်ကောင်စီနဲ့တွဲလာရင်တော့ ပစ်ရမှာပဲလို့တော့ပြောချင်ပါတယ်။

မေး။ အာရှလမ်းမမှာ တိုက်ပွဲပြင်းထန်လာတာ ၄၊ ၅ ရက်လောက်ရှိပြီးဆိုတော့ ဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဘယ်နှစ်ဖွဲ့ ပါဝင်ပူးပေါင်းတိုက်ခိုက်ပါသလဲ။
ဖြေ။ ပြောရမယ်ဆိုရင် ဒီနယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီကို တော်လှန်တဲ့ လက်နက်ကိုင်အားလုံးက ပါဝင် တိုက်ခိုက်ပါတယ်။ မြဝတီတက်တဲ့ အာရှလမ်းနဲ့ တောင်ပေါ်လမ်းဟောင်းကတော့ ကျနော်တို့ KNLA၊ PDFနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေပါတယ်။

မေး။ လတ်တလော အာရှလမ်းမပေါ် တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကို ဘာများ အသိပေး ပြောချင်ပါသလဲ။
ဖြေ။ သတင်းတွေက အမျိုးမျိုးတက်လာတယ်။ လူထုတွေ ကြောက်အောင်လည်း ပြောနေတာတွေရှိတယ်။ ဒါပေမယ့် ရှေ့တန်းမှာရှိနေတဲ့ ကျနော်တို့ကတော့ အသိဆုံးပါပဲ။ စစ်ကောင်စီအင်အားက အဲလောက်မှ မများပါဘူး။ အရမ်းကြီးလည်း သူတို့အင်အားမများလာပါဘူး။ လူထုတွေ အရမ်းပြီး စိုးရိမ်လွန်ပြီးမကြောက်ပါနဲ့ မြဝတီကို သူတို့ တက်ဖို့တော့မလွယ်ဘူး။ တက်ဖို့ကလည်း တော်တော်ခက်ခဲမယ်။ ကျနော်တို့ဘက်ကလည်း တတ်စွမ်းသလောက် တားဆီးတိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်။