Home သတင်း တိုက်ပွဲရက်ရှည်လာ၍ တိမ်းရှောင်နေရသည့် တနင်္သာရီဒေသခံများ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

တိုက်ပွဲရက်ရှည်လာ၍ တိမ်းရှောင်နေရသည့် တနင်္သာရီဒေသခံများ စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

595
Photo: CJ

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေကြရသော ဒေသခံများမှာ စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းပစ်ခတ်မှုကြောင့် သိန္ဓောကျေးရွာအုပ်စုရှိ သိန္ဓော၊ မိုင်းသတ္တု၊ သူဌေးအရှေ့၊ ဘန်းပြည့်၊ ရွှေဒူး နှင့် ကျားခေါင်း စသည့်ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင် နေကြရခြင်းဖြစ်ပြီး စစ်ရှောင်ရသည့် ရက်သတ္တပတ် နှစ်ပတ်နီးပါး ကြာမြင့်လာပြီးဖြစ်၍ စားနပ်ရိက္ခာ လိုအပ် ချက်များရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေရှိတယ်။ စစ်တပ်ကလည်း ရိက္ခာသယ်ဆောင်တဲ့ လမ်းပိုင်းတွေ အကုန်ပိတ်ထားတော့ အဆင်မပြေတော့ဘူး။ နေရာထိုင်ခင်းတွေကအစ လိုအပ်လာတယ်။ တိုက်ပွဲအချိန်ကလည်း တစ်ပတ်ကျော်ကို ရောက်ရှိလာပြီးဆိုတော့ အဲ့လိုအခက်အခဲတွေရှိလာတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့ကစတင်ပြီး ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင်တပ်ရင်း(၂) ဒေသကို စစ်ကောင်စီမှ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်လာရာတွင် နှစ်ဖက်တိုက်ပွဲအပြင် စစ်ကောင် စီမှ လေကြောင်းသုံး တိုက်ခိုက်မှုများ လုပ်ဆောင်လာသောကြောင့် သိန္ဓောကျေးရွာအုပ်စုရှိ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

Photo: CJ

ဒေသခံစစ်ရှောင်တစ်ဦးက “လတ်တလောမှာ စစ်ဘေးရှောင်နေရတယ်။ ဒီမနက်အထိတော့ တိုက်ပွဲက မရှိ သေး ဘူး။ ဒါပေမဲ့ စစ်တပ်ဘက်က လေယာဉ်နဲ့ လာပစ်တာတွေတော့ရှိတယ်။ ရွာထဲကိုပဲ အဓိက ကြဲနေတာ စစ်တပ် က။ အခုထိ အိမ်မပြန်ကြရသေးတော့ ဘယ်နှစ်အိမ်မီးလောင်ပျက်စီးလဲဆိုတာတော့ သေချာမသိရသေးဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ(၂၂) ရက်နေ့မှစတင်ပြီး(၂၈) ရက်နေ့အထိ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်များမှ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ သေး ကြောင်းလည်း ဒေသခံများကပြောသည်။

အဆိုပါ ကျေးရွာများအနက် ကျွဲထိန်းကုန်းရွာ၊ သကျက်ရွာ၊ အထက်ဂဏန်းကွင်းရွာနှင့် တောင်ပိန်းရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တစ်ရက်အတွင်း လေကြောင်းဖြင့် စုစုပေါင်း ဗုံးသီးအလုံး ၄၀ ကျော်ကြဲချခဲ့ ကြောင်းလည်း ဒေသခံများထံမှ သိရသည်။