ကျမတို့ CSO အနေနဲ့ ပြည်သူပြည်သားတစ်ယောက်က တကယ်ပဲသိလို့ မဲထည့်လိုက်တာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။
နော်အဲ့ဖောဝါးသည် ကရင်လူငယ်ကွန်ရက် (Karen Youth Network-KYN) ၏ ဆက်သွယ်ရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ကရင် ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း ကွန်ရက်လုပ်ငန်းများကို အဓိက ဦးစီးဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
မေး။ ။ ပထမဆုံးအနေနဲ့ အစ်မရဲ့နာမည်နဲ့ အလုပ်လုပ်တဲ့အဖွဲ့အစည်းနဲ့ ဘယ်လိုတာဝန်ယူထားရလဲဆိုတာသိပါရစေ။
ဖြေ။ ။ ကျမရဲ့နာမည်က နော်အယ့်ဖောဝါးပါ။ မိခင်အဖွဲ့အစည်းကတော့ Karen Youth Network ကပါ။ အဲဒီမှာ communication coordinator ၉ဦးထဲက leader ၃ဦးထဲမှာ ပါပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစ်ချို့ပါတီတွေကတော့ စပြီး ကဲန်ပိန်းတွေလုပ်နေပါပြီ။ ကျမတို့ကတော့ CSO အနေနဲ့ ပြည်သူ တွေကို ပေးသိစေချင်တာက ပါတီအနိုင်ရဖို့အတွက် မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်အရေးကြီးလဲဆိုတာ ပြည်သူ ပြည်သားတစ်ယောက်အနေနဲ့ ပိုနားလည်စေချင်တယ်။ အဲဒါမှ ရွေးကောက်ပွဲရလဒ်မှာ သူတို့ရွေးချယ်လိုက်တဲ့ အမတ်က သူတို့ ဖာသာသူတို့ ဘယ်လိုကြောင့် ရွေးတယ်ဆိုတာကို သိသွားမှပဲ ကောင်းမှာလေ။ ကိုယ်နဲ့ခင်လို့ ရင်းနှီးလို့ အဲဒီလူကို ထည့်လိုက် ပေမယ့် အဲဒီလူက တကယ်ပဲ နိုင်ငံတော်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အရည်အချင်းမရှိဘူးဆိုရင် သူပဲ နောင်တရမှာလေ။ ကျမတို့ CSO အနေနဲ့ ပြည်သူပြည်သားတစ်ယောက်က တကယ်ပဲသိလို့ မဲထည့်လိုက်တာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ အဲဒါမျိုး ဖြစ်လာဖို့အတွက်ပဲ ကျမတို့ရည်ရွယ်ပြီး အလုပ်လုပ်နေပါတယ်။
မေး။ ။ Karen Youth Network အနေနဲ့ကော ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်လိုနေရာမျိုးတွေမှာ ပါဝင်လုပ်ဆောင်နေ လဲဆိုတာ အတိုချုပ်လေး ပြောပြပေးပါ။
ဖြေ။ ။ Karen Youth Network ရဲ့ လုပ်ငန်းစဉ်တွေထဲမှာတော့ အဓိက ကရင်လူမျိုးတွေရဲ့ လုပ်ငန်းစဉ်တွေမှာ အထောက်အ ပံ့ပေးဖို့ ဖြစ်ပါတယ်။ အခုက ရွေးကောက်ပွဲတွေမှာ ကရင်အမျိုးသားပါတီတွေရှိလာပြီ။ ဘယ်ပါတီမဆို ကိုယ့်အမျျိးသားတွေပါဝင် နေတဲ့ပါတီမှာ မဲထည့်မယ့်ပြည်သူတွေကို ပိုပြီးသိစေချင်တယ်ပေါ့နော်။ သူတို့တကယ်ရွေးချယ်လိုက်တဲ့ အမျိုးသားပါတီဟာ ထိရောက်တဲ့လူတွေ ဖြစ်စေချင်တာမို့လို့ ကျမတို့ ဒီ Karen Youth Network အနေနဲ့လည်း တာဝန်ရှိပါတယ်။ ဘယ်ကရင်ပါတီ ကိုမဆို ဝင်ပြိုင်မယ့်နေရာတိုင်းမှာ လိုက်ကူညီပေးဖို့အတွက် ကျမတို့ လုပ်ငန်းချမှတ်ထားတာ ရှိပါတယ်။ အဲဒါကြောင့် ကျမတို့ က ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။
မေး။ ။ ဘယ်နယ်တွေမှာ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ Karen Youth Network အနေနဲ့ ကရင်ပြည်နယ်၊ ပဲခူး၊ သံတောင် စတဲ့နေရာတွေမှာ ဝင်ပြိုင်မယ့် ကရင်အမျိုးသား ပါတီတွေရှိရင် ဝင်ကူညီမယ်။ နောက်တစ်ခုက ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း၊ ရန်ကုန်တိုင်း၊ ညောင်လေးပင်ခရိုင်တို့ ဖြစ်ပါ တယ်။
မေး။ ။ Karen Youth Network အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အနေအထားဖြစ်နေတော့ ကိုယ်နဲ့အနီးစပ်ဆုံးမှာရှိတဲ့ ပါတီတွေထက် မဲဆန္ဒရှင်တွေအတွက်ကော ဘယ်လိုလုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါသလဲ။
ဖြေ။ ။ မဲဆန္ဒရှင်တွေအနေနဲ့ကတော့ ရွေးကောက်ပွဲမှာချမှတ်ထားတာက မဲဆန္ဒရှင်တွေကိုယ်တိုင်က Advocate လုပ်ရမှာ ကိုး။ ကျမတို့အနေနဲ့ရော အခြားအဖွဲ့အစည်းတွေကရော လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျမတို့အနေနဲ့ကတော့ မဲဆန္ဒရှင် လုပ်ရည်ကိုင်ရည်နဲ့ တကယ်ပဲ အဲဒီဒေသမှာ အကျိုးရှိမယ့်ဟာမျိုးကိုတော့ သိသာထင်ရှားအောင်တော့ မဲဆန္ဒရှင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျမတို့ ပြောပေးရမယ်။ နောက်ပြီးအမျိုးသားရေးနဲ့ပတ်သက်တဲ့ လုပ်ပေးသင့်တဲ့အရာတွေကို ကိုယ့်အမျိုးသား အတွက် ရပ်တည်ပေးတဲ့အနေနဲ့ မဲဆန္ဒရှင်တစ်ဦးတစ်ယောက်ကို ရည်ရွယ်လုပ်ပေးတာမဟုတ်ပဲ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ်မှာ ပြည်သူတွေနားလည်အောင် ရှင်းလင်းပြတာမျိုးတွေကို အဓိက လုပ်ပေးဖို့ဖြစ်မယ်။ အခြားကတော့ Karen Youth Network အနေနဲ့ Fund မရှိတော့ သူတို့ကို မကူညီပေးနိုင်ဘူး။ ဒါပေမယ့် Technician အနေနဲ့ အကူညီတောင်းခံတာမျိုးဆိုရင်တော့ ကျမတို့ Network ထဲက လူငယ်လေးတွေ ပါဝင်ကူညီပေးဖို့ အဆင်သင့်ဖြစ်ပါတယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေအနေနဲ့ ဘယ်လောက်ထိသိရှိပြီး ဘယ်လောက်ထိ စိတ်ဝင် စားမှုတွေရှိတာကို တွေ့ရပါလဲ။
ဖြေ။ ။ ရာခိုင်နှုန်းအနေနဲ့ပြောရရင် ဆယ်ရာခိုင်နှုန်းမှာ သုံးရာခိုင်နှုန်းခွဲလောက်ပဲရှိမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုုရင် ကျမတို့ရောက်ဖူးတဲ့ နေရာဒေသတွေမှာဆိုရင် ကရင်လူမျိုးတစ်ယောက်ရဲ့ မဲအပေါ်မှာ စိတ်ဝင်စားမှုက တကယ်တတ်သိတဲ့ ပါဝင်လုပ်ကိုင်နေတဲ့လူတွေမှာဆိုရင် တော်တော်များများသိထားတယ်။ ဒီထက်မကလည်း လေ့လာထားတာကိုတွေ့ရတယ်။ ဒါပေမယ့် မသိတဲ့ဒေသတွေနဲ့ ဒီအကြောင်းကို စိတ်မဝင်စားတဲ့ ပြည်သူတွေကျတော့ ကိုယ်နဲ့နီးစပ်တဲ့သူတွေကိုပဲ မဲထည့်လိုက် မယ့် အနေအထားလေးတွေကို တွေ့ရပါတယ်။
မေး။ ။ အဲဒီအပေါ်မှာ လူထုတွေကို ထိထိရောက်ရောက် သိရှိနားလည်အောင် ဘယ်လိုပညာပေးမှုတွေ လုပ်သွားမလဲ။ ဘယ် တော့လောက် လုပ်ဆောင်မှာပါလဲ။ လက်ရှိ လုပ်ဆောင်နေပါပြီလား။
ဖြေ။ ။ စလုပ်နေတာက Karen Youth Network အနေနဲ့မဟုတ်ပဲ အခြားသော CSO တွေနဲ့ချဉ်းကပ်ပြီးတော့ ဒေသထဲမှာ Data collection တွေကောက်နေတာရှိပါတယ်။ ကျမက အဲဒီမှာ foundation တစ်ခုနဲ့ ပူးပေါင်းပြီးတော့ လူထုပူးပေါင်းပါဝင်တဲ့ ပြဇာတ်ကလေးတွေပေါ့။ အဲဒီလိုမျိုး အသိပေးမယ်။ မဲအပေါ်မှာ မသိရင် ဘယ်လောက်ထိ နစ်နာသွားမယ် ဆိုတဲ့ဟာမျိုးလေး တွေပေါ့။ Network အနေနဲ့ သင်တန်းတွေမှာ၊ အမျိုးသားရေးအစည်းအဝေးတွေမှာ အသိပညာပေးမှုတွေလုပ်မှာဖြစ်ပါတယ်။ ကျမတို့ဒီအစီအစဉ်ကို ကျမတို့နဲ့နီးစပ်တဲ့ မဲရုံရှိမယ့်ကျေးရွာတွေမှာ ဇွန်လထဲ လုပ်ဆောင်သွားဖို့ရှိပါတယ်။
မေး။ ။ မဲကိစ္စအပေါ်မှာ လူမှုအဖွဲ့အစည်းတွေက တာဝန်ရှိတယ်ဆိုတော့ အခြားသော ဘယ်အဖွဲ့အစည်းတွေကရော ဒီအပေါ် မှာ တာဝန်ရှိတယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ မဲကိစ္စအပေါ်မှာ ဥပမာ ကျေးရွာတွေမှာဆိုရင် ကျေးရွာဥက္ကဋ္ဌတွေကိုယ်တိုင်က လုပ်သင့်ပါတယ်။ သူတို့လုပ်နေတာ တွေ ရှိပေမယ့် တစ်ချို့က ကိုယ်နဲ့နီးစပ်တဲ့ပါတီကိုပဲ မဲထည့်ပေးဖို့ ဖြစ်တာများပါတယ်။ မဲပေးတာက ပြည်သူတစ်ယောက်အ တွက်၊ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ သတင်းအချက်ကို မပေးဘူးဖြစ်နေတယ်။ အဲဒီတော့ ကျမတို့ဖြစ်စေ ချင်တာက အစိုးရအဖွဲ့အစည်းတွေ၊ ကျေးရွာခေါင်းဆောင်တွေ မြို့နယ်ခေါင်းဆောင်တွေကနေပြီးတော့ အသိပညာပေးမှုတွေ လုပ်ရပါမယ်။ မီဒီယာအနေနဲ့ကလည်း အစိုးရမီဒီယာရော၊ အခြားသော မီဒီယာတွေကနေပြီးတော့မှ လုပ်ဆောင်ပေးသင့်တယ် လို့ ကျမထင်ပါတယ်။
မေး။ ။ ၂၀၁ဝမှာလည်း ရွေးကောက်ပွဲလုပ်သွားတယ်ဆိုတော့ အခုလာမယ့်ရွေးကောက်ပွဲကရော လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယူဆပါသလား။ ထိရောက်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုလုပ်ဆောင်သင့် တယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ တစ်နိုင်ငံလုံး အတိုင်းအတာအရကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်ဆိုတာကတော့ ကျမအနေနဲ့ မထင်ပါဘူး။ ဒါပေမယ့် နေရာဒေသအပေါ်မှာ မူတည်လိမ့်မယ်။ ဥပမာ ကိုယ့်ရပ်ရွာအကျိုးအတွက် တကယ်လုပ် ပေးနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေ အားကောင်းတဲ့နေရာမျိုးတွေမှာဆိုရင် ကျမအထင်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်မှုမျိုး ဖြစ်လာနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာကျတော့ မဖြစ်နိုင်ဘူး။ ဥပမာ တောင်ငူလိုမျိုး ဖားအံလိုမျိုးကတော့ လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်မှုအားကောင်းတော့ ဒီလိုနေရာမျိုးတွေမှာဖြစ်နိုင်ပါတယ်။ တခြားနေရာတွေမှာကတော့ ပူးပေါင်းပါဝင်လုပ်ဆောင်မှုရော၊ ယုံကြည်မှုရောက အားနည်းတော့ ကျမအနေနဲ့ အာမ မခံနိုင်ပါ ဘူး။ အဲလိုယုံကြည်မှုအားနည်းနေတာတွေကိုလည်း အစိုးရအနေနဲ့က လုပ်လို့ရနိုင်ရဲ့သားနဲ့ ဘာကိုစိုးရိမ်ပြီး ယုံကြည်မှုအား ကောင်းလာအောင် မလုပ်နိုင်လဲဆိုတာ ကျမလည်းမသိဘူး။ ကျမတို့သန်းခေါင်စာရင်းမှာလည်း တစ်ခါကြုံခဲ့ရဖူးပြီးပါပြီ။ သန်းခေါင်စာရင်းကို ၂၀၁၂မှာကောက်ဖို့ ကြေညာပြီးတော့ ၂၀၁၃ မှာကောက်ပါတယ်။ တစ်နှစ်လောက်အထိ အစိုးရက ကြေညာပေမယ့်လို့ ပြည်သူတွေက စိတ်ဝင်စားမှုမရှိကြဘူး။ စိတ်ဝင်စားလာအောင်လည်း မီဒီယာကို အသုံးမချခဲ့ဘူး။ အခုတစ် ခါ ထပ်ပြီးတော့ ရွေးကောက်ပွဲကလည်း ပြည်သူတွေအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မီဒီယာကို အသုံးချပြီး ကောင်း ကောင်းမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ သန်းခေါင်စာရင်းမှာ ပြဿနာတက်သလိုမျိုး အခုရွှေးကောက်ပွဲမှာလည်း ပြဿနာတက်ဖို့ ရှိပါတယ်။ သိပ်မကျန်တော့တဲ့ အချိန်ကာလအတောအတွင်းမှာ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်ဆိုရင်တော့ ရလဒ် ကောင်း ဖြစ်လာဖို့ရှိပါတယ်။
မေး။ ။ မီဒီယာအနေနဲ့ကရော ဘယ်လိုနည်းလမ်းနဲ့ လုပ်ဆောင်မှုက ပိုထိရောက်မယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ မြန်ဆန်တာကတော့ တီဗွီပေါ့။ နောက်တစ်ခုက ရေဒီယိုပေါ့။ ဂျာနယ်တွေအနေနဲ့ကတော့ များသောအားဖြင့် တစ်ပတ်တစ်ခါလောက်ပဲထွက်တော့ ထိရောက်သင့်သလောက် မထိရောက်ဘူး။ ရေဒီယိုကလည်း များသောအားဖြင့် သက်ကြီး ပိုင်းတွေလောက်ပဲ နားထောင်ကြတာများတော့ လူငယ်တွေအနေနဲ့ နိုင်ငံ့အရေးကို သူတို့နဲ့မဆိုင်သလို ယူဆနေကြတဲ့အတွက် တီဗွီပြီးရင် အခုခေတ်စားနေတဲ့ ဖေ့စ်ဘွတ်ပေါ့။ ကာတွန်းလေးတွေလည်း အရမ်းထိရောက်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲတုန်းက ကရင်ပြည်နယ်အချို့နေရာတွေနဲ့ အခြားဒေသတွေမှာ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတာရှိတော့ ပြည်သူတွေရော၊ ပါတီတွေရော မဲပေးပြီး ပါဝင်ယှဉ်ပြိုင်ခွင့်မရတာတွေရှိခဲ့တယ်။ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာရော အဲဒီဒေသက ပြည်သူတွေကို မဲပေးမှုနဲ့ပတ်သက်ပြီး အသိပညာပေးနိုင်ဖို့ KYN အနေနဲ့ ဘယ် လောက်အထိ လက်လှမ်းမီနိုင်မလဲ။
ဖြေ။ ။ ကျမအနေနဲ့ လက်လှမ်းမီနိုင်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ပြည်နယ် နေရာအတော်များများမှာ ကျမတို့ ရောက်သွားပြီး အသိပေးမှုတွေလုပ်ခဲ့တာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ ဒီနှစ်မှာ အဲဒီနေရာတွေမှာသာ မဲရုံဖွင့်နိုင်ရင် လုပ် နိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ တစ်ချို့နေရာတွေမှာ လက်လှမ်းမမီလို့ မဲရုံမဖွင့်နိုင်တဲ့နေရာတွေ ရှိနိုင်တဲ့အတွက် အဲဒီဒေသကလူတွေအတွက် နိုင်ငံ ရေးပါတီကလူတွေကို ဘယ်လိုလုပ်ဆောင်ပေးဖို့ မက်ဆေ့ချ်ပေးချင်ပါလဲ။
ဖြေ။ ။ ကျမတို့ပြောချင်တာက နိုင်ငံရေးပါတီတွေအနေနဲ့ အခုလည်း ကြားကာလအတွင်း အခြေအနေရှိနေသေးတော့ အဲဒီ ဒေသက လူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အားစိုက်လုပ်စေချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမယ်၊ မဲရုံထောင်သင့် တဲ့ နေရာတွေမျိုးမှာဆိုရင် ပိုလုပ်သင့်ပါတယ်။ ကျမတို့လူငယ်တွေအနေနဲ့ ပါဝင်ကူညီနိုင်တာက အသိပညာဖွင့်ပေးရုံလောက်ပဲ ရှိပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွေ့အကြုံအရ ပါတီတွေအနေနဲ့ လက်တွေ့မှာ ပြည်သူတွေအတွက် တကယ်မလုပ်ပေးနိုင်ခဲ့ တာတွေရှိတော့ အဲလိုမဖြစ်ရအောင် မဲဆန္ဒရှင်နဲ့ ပါတီတွေအကြားမှာ KYN အနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေ လုပ်ဆောင်သွားနိုင်မလဲ။
ဖြေ။ ။ အခုလာမယ့်ရွေးကောက်ပွဲမှာ ပါတီတွေအနေနဲ့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်ဆိုတဲ့ အာမခံချက်တော့ အရင်က လို သိပ်မပေးရဲလောက်တော့ဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီတွေအနေနဲ့ကလည်း နိုင်ငံကြီးက တကယ်ကို ပြောင်းလဲသွားပြီ ထင်ပြီးတော့ အရမ်းကို အာမခံပေးခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ အခု အဲလိုကတိမျိုးပေးမယ်ဆိုရင် ပြည်သူတွေ က အရင်ကနဲ့ မတူတော့ဘူး။ ၄နှစ်တာကာလမှာ ပါတီနဲ့ပတ်သက်ပြီးတော့ သူတို့တော်တော်သိသွားပြီ။ ပါတီတွေအနေနဲ့ ပြည် သူတွေက အရေအတွက်ထက် အရည်အသွေးရှိတာကိုပဲ လိုလားတယ်ဆိုတာကို သူတို့သိတယ်။ ကျမတို့အနေနဲ့လည်း ကရင်ပါ တီတွေနဲ့တွေ့ဖြစ်တိုင်း ဒီအကြောင်းကို အမြဲပြောဖြစ်ပါတယ်။ အဲဒီအတွက် ကျမတို့ယုံကြည်တာက ဒီတစ်ခေါက်ဝင်ပြိုင်မယ့် ကရင်ပါတီက ကိုယ်စားလှယ်တွေက အရည်အသွေးရှိတာကိုပဲ ပြည်သူတွေလိုချင်တဲ့အတွက် သူတို့ပိုကြိုးစားကြမှာဖြစ်ပါတယ်။
မေး။ ။ ကရင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးကိစ္စ၊ လောင်းကစားမှုတွေ တော်တော်များများ ရှိနေတဲ့အပေါ်မှာ ကြားခံဖြစ်တဲ့ KYN တို့လို လူမှုအဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးပါတီတွေကို ဘယ်လိုလုပ်ဆောင်ပေးစေချင်ပါသလဲ။
ဖြေ။ ။ မူးယစ်ဆေးဝါးကိစ္စက အရမ်းကျယ်ပြန့်တယ်။ ကျမတို့လည်း (တိုက်ဖျက်ဖို့ကို) အရမ်းလုပ်ချင်ပါတယ်။ ဒါပေမယ့် ပါတီလုပ်မယ်၊ လူငယ်လုပ်မယ်၊ ဒေသခံတွေ ပူးပေါင်းလုပ်မယ်။ ဘယ်လောက်ပဲ ယဉ်ကျေးသိမ်မွေ့တဲ့နည်းလမ်းနဲ့ လုပ်နေပေ မယ့်လည်း မရပါဘူး။ ဩဇာအာဏာရှိတဲ့သူတွေပါ ပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်။ ကျမတို့ဘယ်လောက်ပဲလုပ်နေပါစေ၊ ဒါကိုပဲ စီးပွားရေးအရရော၊ နိုင်ငံရေးအရရော အမြတ်ထုတ်ချင်နေတဲ့သူတွေ ရှိနေသေးရင်လည်း မဖြစ်နိုင်ပါဘူး။ ဒီလိုကိစ္စမျိုးကို ပပျောက်အောင် လုပ်နိုင်သူတွေက မလုပ်တဲ့အခါကျတော့ ကျမတို့အနေနဲ့ ပညာပေးမှုလောက်ပဲ လုပ်ပေးနိုင်တာဖြစ်ပါတယ်။
မေး။ ။ ဒီလိုကိစ္စမျိုးတွေအပေါ်မှာ လူမှုအဖွဲ့အစည်းတစ်ရပ်အနေနဲ့ နောက်တက်လာမယ့် အစိုးရကို ဘယ်လိုလုပ်ဆောင်မှု တွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါသလဲ။
ဖြေ။ ။ ကျမတို့တောင်းဆိုချင်တာက တကယ်ကို စိတ်ရင်းစေတနာနဲ့ ထိထိရောက်ရောက် လုပ်ဆောင်ပေးစေချင်ပါတယ်။ ကျမတို့နဲ့သိတဲ့ ကချင်ပြည်နယ်က လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်တွေပေါင်းပြီး မူးယစ်ဆေးဝါးကိစ္စတွေ လုပ်ဆောင်တဲ့နေရာမှာ အဲဒီလိုလုပ်ဆောင်နေတဲ့သူတွေ အသတ်ခံရတဲ့အထိဖြစ်တဲ့အခါကျတော့ လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ ဘယ်လောက်ပဲ ပူး ပေါင်းလုပ်ဆောင်ပါစေ။ အကာအကွယ်ပေးနိုင်တဲ့ အခြေအနေမရှိတာ တွေ့ရပါတယ်။ ကျမတို့ဖြစ်စေချင်တာက နောက်တက် လာမယ့် အစိုးရအနေနဲ့ ဒီထက်မက ထိထိရောက်ရောက်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်ပါတယ်။
မေး။ ။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်တွေ၊ မြို့နယ်ကော်မရှင်တွေအနေနဲ့ CSO တွေနဲ့ပူးပေါင်းပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ကြားသိရတော့ ဘယ်တော့လောက်အကောင်အထည်ဖော်မလဲ ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အစီအစဉ် မျိုးရော ရှိပါပြီလား။
ဖြေ။ ။ ကျမတို့ကို အခုအချိန်ထိ အဲဒါတွေချပြတာမျိုးတော့ မရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ။ ကျမတို့ဟာ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်သူခေါ်ခေါ် မခေါ်ခေါ် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားရှိတဲ့အတွက် လုပ်နေရမှာပါပဲ။ သူတို့တွေက လူမှုအဖွဲ့အစည်းတွေပါ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တာမျိုးတွေရှိရင်တော့ အတိုင်းထက်အလွန်ပေါ့။ တကယ်ပဲ ဝမ်း မြောက်ဝမ်းသာနဲ့ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ပါမယ်။
မေး။ ။ ဟုတ်ကဲ့။ ရွေးကောက်ပွဲအပေါ် နောက်ထပ် ဘာတွေများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျမတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဖုန်းလိုင်းတွေ၊ သတင်းလိုင်းတွေကောင်းလာပြီ။ ပြန်ကြားရေးနဲ့ ဆက်ဆံ ရေးက အရမ်းလိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။ အစိုးရက ဘယ်လောက်ပဲ လက်လှမ်းမီသည်ဖြစ်စေ၊ မမီသည်ဖြစ်စေ ကျေး ရွာတွေမှာ သာရေးဖြစ်ဖြစ်၊ နာရေးဖြစ်ဖြစ် board ကလေးတွေမှာ သွားကပ်ထားမျိုးတွေရှိရင် လူတိုင်းကြည့်ပါတယ်။ လူကြီးမ ကြည့်ဖြစ်ရင်တောင် ကလေးတွေက ကြည့်ဖြစ်ပါတယ်။ သူတို့တွေကနေတစ်ဆင့် မိသားစုကိုပြန်ပြောပြဖြစ်တဲ့ သတင်းဖြန့်ဝေမှု မျိုးပေါ့။ အဲဒီလိုပဲ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်ဖြစ်ဖြစ်၊ ကာတွန်းဖြစ်ဖြစ်ပေါ့။ ကျေးရွာတွေမှာ board ကလေးတွေထားပြီး ကပ်ထားမယ်။ အဲဒီလို သတင်းဖြန့်ဝေခြင်းမျိုး ဖြစ်ချင်ပါတယ်။ ဒီနည်းကတော့ အလွယ်တကူနဲ့ အရိုးရှင်း ဆုံးနဲ့ အမြန်ဆန်ဆုံးသော သတင်းဖြန့်ဝေခြင်းဖြစ်ပါတယ်။



















