ဧပြီ ၃ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ၎င်းတို့၏ တပ်မဟာ (၅)နယ်မြေတစ်နေရာတွင် မတ်လ ၂၇ရက်နေ့က ကျင်းပသည့် (၈)ကြိမ်မြောက် ဗိုလ်လောင်းသင်တန်းတွင် သင်တန်းသား ဗိုလ်လောင်း ၇၄ဦးကို သင်တန်းပို့ချပြီးစီးခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။
KNU တပ်မဟာ ခုနှစ်ခုမှ ဗိုလ်လောင်းများတက်ရောက်သည့် ၎င်းသင်တန်းတွင် စစ်ဘက်ဆိုင်ရာ အတတ်ပညာ၊ ခေါင်းဆောင်မှု နှင့် စီမံကွပ်ကဲမှု၊ အခြေခံ နိုင်ငံရေး၊ မြေပုံဖတ်နည်း၊ ရှေးဦးသူနာပြုနှင့် ဆက်သွယ်ရေး အတတ်ပညာတို့ကို ၁၈လကြာ သင် ကြားပို့ချပေးခဲ့ပြီးနောက် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။
သင်တန်းဆရာတစ်ဦးဖြစ်သူ ဗိုလ်ကြီးစအယ်သူးဂယ်က “ဒီသင်တန်းက စစ်ဘက်ဆိုင်ရာ စီမံကွပ်ကဲမှုပိုင်းနဲ့ ပတ်သက်ပြီး စွမ်း ရည်မြှင့်တင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေကို စစ်ဘက်ဆိုင်ရာ စီမံကွပ်ကဲမှုပိုင်းမှာ အရည် အသွေးမြင့်မားလာရေးက ကျနော်တို့ လုပ်ဆောင်ပေးဖို့ လိုအပ်တဲ့အတွက် အခု သင်တန်းပေးတာဖြစ်ပါတယ်။ သင်တန်းဆင်း ဗိုလ်လောင်းတွေလည်း ဒီကရတဲ့ အတတ်ပညာကို နည်းမှန်လမ်းမှန် ပြန်ပြီး အသုံးချရမှာဖြစ်ပါတယ်”ဟု ပြောသည်။
ထိုသင်တန်းဆင်းပွဲသို့ KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ စစ်ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ စစ်ဦး စီးမှူး ပထမတန်း-G1 ဗိုလ်မှူးကြီးစောလှငွေ၊ ကေအဲန်ယူ ဗဟိုကော်မတီဝင်များ၊ KNLA စစ်ဘက်ဆိုင်ရာ အရာရှိများ၊ သင်တန်း သားဗိုလ်လောင်းများနှင့် ဒေသခံ ပြည်သူများ အပါအဝင် လူထုပရိဿတ် ၃၀ဝ ခန့် တက်ရောက်ခဲ့ကြသည်။
KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက “ကျနော်တို့က တပ်မတော်ဖြစ်တယ်။ တပ်မတော်ရဲ့ တာဝန်က ပြည် သူလူထုကို ကာကွယ်ရမယ်။ နယ်မြေဒေသကို ကာကွယ်ရမယ်။ ကျနော်တို့ နေထိုင်စားသောက်ရေးနဲ့ ဘဝတိုးတက်ရေးအ တွက် ကာကွယ်ရမယ်။ ဒါကြောင့် ကျနော်တို့ ပြည်သူလူထုကို ထိပါးလာမယ့် အရာဟူသမျှကို ကျနော်တို့ရဲ့ ဘုံရန်သူပဲ ဖြစ်ပါ တယ်။ ကျနော်တို့ အသက်ရှင်တာ၊ လုပ်ဆောင်တာ ပြည်သူလူထုအတွက်ပဲ ဖြစ်ရမယ်”ဟု သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ ဗိုလ်လောင်းသင်တန်းဆင်း တပ်ဖက်အရာရှိငယ်များကို ၎င်းတို့သက်ဆိုင်ရာ ခရိုင်ဒေသများ၌ ကျရာ အခန်းကဏ္ဍကို အသီးသီး တာဝန်ပြန်လည် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။
သင်တန်းသား ဗိုလ်လောင်းစောဒဲလွဲထူးက “ကျနော်တို့ ပြည်သူထုထူတွေ တန်းတူရည်တူနဲ့ အေးချမ်းစွာ နေနိုင်ဖို့၊ ပြည်သူတွေ အပေါ် အဓမ္မခိုင်းစေမှုတွေ မရှိဖို့ စစ်တပ်ထဲကို ကျနော် ဝင်လာတာဖြစ်ပါတယ်။ ကျနော်တို့တွေက လူသားအတူတူပါပဲ။ တန်းတူ ရည်တူ အခွင့်အရေး ရှိသင့်တယ်။ ဗမာလူမျိုးကို ကျနော် မမုန်းပါဘူး။ တိုင်းပြည်ကို နည်းမမှန်လမ်းမမှန် အုပ်ချုပ်တဲ့ စစ်အစိုးရ ကို ကျနော်မုန်းတာဖြစ်တယ်။ ဒါကြောင့် ဒီစနစ်ကို ကျနော်တို့ တိုက်ဖျက်ရမယ်”ဟု ဆိုသည်။
KNU သည် ၁၉၈၇ခုနှစ်မှစ၍ ၎င်းတို့ဌာနချုပ်ဟောင်း မာနယ်ပလောစခန်း၌ ဗိုလ်လောင်းသင်တန်း အမှတ်(၁)၊ (၂)၊ (၃)တို့ကို ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၁ဝခုနှစ်တွင် အပတ်စဉ် (၄)ဗိုလ်လောင်းသင်တန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယခု အပတ်စဉ်(၈)အထိ ရောက်ရှိနေပြီး ဖြစ်သည်။