(လကင်္ာဒီပ)
“သေသောသူ ကြာရင်မေ့”တဲ့
မေ့တဲ့သူတွေရှိသော်လည်း
ကျုပ်အသဲ ကျုပ်နှလုံး
ယူကြုံးမရဖြစ်တုန်း
ကြိမ်မီးအုံးခဲ့တဲ့ စိတ်ဆင်ရိုင်း
ဗယ်လင်တိုင်းနေ့မှာ မွှေနှောက်ခံစား ကြုံတွေ့ခဲ့ရတယ်။
မန်းရှာကြီးရေ…………
နှစ်တွေဘယ်လောက်ကြာကြာ
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
နှောင်းအတိတ်ပုံရိပ်များ
ပြတ်သားကြည်လင်နေမြဲ
မြင်ယောင်ဆဲ ကြားယောင်ဆဲပါ
ကန္တာရခရီး
တိုက်ပွဲ မီးခရောင်းလမ်း
ရှေ့တန်းခေါင်းဆောင်အဖြစ်
ခေတ်တစ်ခေတ်ကို ဖြတ်ခဲ့ပြီသကော။
အိမ်ရှိသော်လည်း အိမ်တန်ဖိုးမသိ
နယ်မြေရှိသော်လည်း နယ်မြေတန်ဖိုးမသိ
မြစ်ချောင်းရှိသော်လည်း မြစ်ချောင်းတန်ဖိုးမသိ
လူမျိုးရှိသော်လည်း လူမျိုးတန်ဖိုးမသိ
စည်းမရှိ ကမ်းမရှိ
မျိုးမသိ အကျိုးမရှိ
တန်ခိုးရှိသွားတဲ့ မကောင်းဆိုးဝါး
ဆယ့်ငါးကြိမ်ဆိုတဲ့ ညီလာခံက
အမှန်တရားကို ထိန်ချန်ခဲ့လေရော့သလားကွယ်။
မန်းရှာကြီး မရှိတော့တဲ့နောက်
ပျောက်ချင်သလိုပျောက်
ပေါက်ချင်သလိုပေါက်ကြ
ဖြစ်သလိုနေ လှဲချင်ရာလှဲ
ဥကွဲသိုက်ပျက်
ဇာတ်တူသားစားမဲ့မောင်တွေ
ခေါင်းတွေထောင်လာကြတဲ့အချိန်။
မပြောဘဲ ငြိမ်ခံနေရင်
မှန်တယ်ထင်သွားကြပါလိမ့်
ကြောက်စိတ်ရှိရင်သာ
အခါခါသေကြ ကျဆုံးကြ
မရုန်းထ မကုန်းကြွ
နလဗိန်းတုံးကြီးလိုအေးဆေး
နှာတွေစေးနေကြရင်ဖြင့်
ရင်နင့်ဖွယ် ကရင့်အသိုက်မြုံ
ပြတိုက်ဘုံထဲ ကျန်ခဲ့ရတော့မလားကွယ်တို့။
ချူချာလာတဲ့ ကေအဲန်ယူ
ငြူစူလာတဲ့ ကျန်းမာရေး
နှောင့်နှေးသွားရတဲ့ခရီးတာ
ဂုဏ်သိက္ခာတွေကျဆင်း
ညီညွတ်ခြင်းတွေလဲပြို
ဒီတောင်ကို ဖြိုနိုင်ပါ့ဦးမလား မန်းရှာကြီးရယ်။
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄။