Home ကဗျာ ကေအိုင်စီတမ်းချင်း

ကေအိုင်စီတမ်းချင်း

437

ကေအိုင်စီတမ်းချင်း
လင်္ကာဒီပ
စက်တင်ဘာ ၂၃ရက်၊ ၂၀၂၃ခုနှစ်။

သူဟာတစုံတယောက် တသင်းတဖွဲ့
အာဘော်နဲ့ အချယ်လှယ်ခံ မဟုတ်ဘူး
အထူး သတင်းသမားကျင့်၀တ်
စည်းကမ်းမူဘောင် မြဲကျင့်ဆောင်တဲ့
ဓားတစ်စင်း ကလောင်တစ်စင်းဖြစ်တယ်။

သူဟာအရှိကို အရှိအတိုင်းအမှန်
ပစ္စုပ္ပန် ပကတိအနေအထား
လှုပ်ရှားနေတဲ့ အလင်းအမှောင်
ဝေခွဲဆောင်ကျဉ်းပြ၀ံ့တဲ့အသိ
ညကြည့်မှန်ပြောင်းတစ်လက်လည်း ဖြစ်တယ်။

ဘက်မလိုက်စွာ ပြတ်သားသူ
တာ၀န်ယူမှု တာ၀န်ခံမှု
ဖြူစင်စွာ လိပ်ပြာလုံခဲ့တယ်
တရားတယ်ဆိုရင်ဖြင့်ကွယ်
နယ်စည်းတွေခြားမနေ
အခြေခံမူတွေချပြရင်း
နေအလင်းကိုသာ မျက်နှာမူတယ်
ကြယ်တံခွန်တစ်စင်းလိုလည်း ဖြစ်ပြန်တယ်။

ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင်ကမ္ဘာ
ကိုယ့်အိမ်ယာ၊ ခြံ၊ မြေ
မနေချင်သူ မလိုချင်သူ ရှိရိုးလား မပန်းဝေ
စောဒကတက်ပြနေတဲ့ မင်းတို့ရဲ့ခံစားချက်တွေ
ရန်ငြိုးတွေ၊ အာဃာတတွေ၊
မကျေလည်မှုဒဏ်ရာတွေ
အိုလေ … ထစ်ချုန်းမိုးတွေ ရွာတော့မယောင်
ဟိုတောင်ကခြိမ်း ဒီတောင်ဒိန်းနဲ့
ယိမ်းနွဲ့လို့ မနေပါနဲ့လားကွယ်။

မင်းတို့အထင်ကြီးတဲ့ အစ္စရေးနဲ့ အရှေ့တီမော
ဝမ်းဖော၀မ်းယောင် အစွဲက‌ဝေ အသာထား
နျူးကလီးယားအင်အားကြီးနှစ်စုကြား
ဗျာများတွေ‌ဝေ မနေချင်ပါနဲ့။
ယဉ်ကျေးတဲ့လူ့အသိုင်းအ၀ိုင်း
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဏ္ဍာန်
ရန်အစွယ်စွယ် စုပေါင်းခုခံတွန်းလှန်ဖို့
ကိုယ်တို့မျှော်လင့်တဲ့ရည်မှန်းချက်
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုခရီး
စုစည်းတည်ထောင်ရေး
အပြေးလေး ပြန်လာပါလား မပန်းဝေ ရေ။

အို ညီမလေး မပန်းဝေ ရေ …
လေဖမ်းဒါန်းစီးချိန်ခရီး
အချည်းအနှီး လုပ်မပစ်ပါနဲ့လား
သိထား တတ်ထားသမျှ
အတွေးအခေါ် အမျှော်အမြင်တွေဖလှယ်
ရန်အစွယ်စွယ် အတူဖြိုကြစို့လေကွယ်။

အို ညီမလေး မပန်းဝေ ရေ …
မဟာ၀ါဒီလူမျိုးကြီးနဲ့ စစ်အာဏာရှင်သာ
ဒုက္ခရာရာ မြစ်ဖျားခံရာပေ
အင်အားတွေ အချိန်တွေ မဖြုန်းတီး
စုစည်းပေါင်းစပ် တောင်ပံဖြန့်ကျက်ရင်း
တိုင်းရင်းသားအခွင့်အရေး
မွေးကတည်းကအစပြုရမဲ့
စစ်မှန်တဲ့လူသားအခွင့်အရေး
လွတ်လပ်ရေး ဒီမိုကရေစီရေးတို့အတွက်
လာပါလှည့် ဆောင်ပါလှည့်တော့လေ
အိုဘယ့် ကေအိုင်စီမှ ဖိတ်ခေါ်ချင်ပါတယ်ကွယ်။


ကေအိုင်စီ-ကရင်သတင်းဌာန ၂၆နှစ်ပြည့် နှစ်ပတ်လည် ဂုဏ်ပြုကဗျာဖြစ်ပါတယ်။