ကရင်ပြည်နယ်တွင် ငါးမြို့နယ် စုပေါင်းကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်နှင့် ပတ်သက်၍ နယ်ခြား စောင့်တပ် တိုက်နယ်(၃)မှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် ကရင်သတင်းဌာန ဆက်သွယ်မေးမြန်းချက်
မေး ။ ။ ကရင်ပြည်နယ်ထဲမှာ ရှိတဲ့မြို့နယ် ၅မြို့နယ် စုပေါင်းကျင်းပမယ့် ကရင်နှစ်သစ်ကူးပွဲတော်မှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းမကျင်းပဖြစ်တော့ဘူးလို့ သိရပါတယ်။ အဲဒါ ဘယ်လိုကြောင့်များပါလဲခင်ဗျာ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ အရင်က နှစ်သစ်ကူးကျင်းပရေးကော်မတီ အစည်းအဝေးတွေမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင် တွေ အနေနဲ့ လာမဲ့ ကရင်နှစ်သစ်ကူးပွဲတော်မှာ စစ်ရေးပြ အခမ်းအနား ထည့်သွင်းကျင်းပမယ်ဆိုပြီးတော့ ဆုံးဖြတ်မိလိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံး ကျနော်တို့ မထည့်သွင်းတာကတော့ တစ်ခြားပြဿနာတော့ မဟုတ်ပါဘူး။ လုပ်ခွင့်မပေးဘူး၊ မလုပ်ရ ဘူး ဆိုတာလည်း မဟုတ်ပါဘူး။ အခုအချိန်ကာလမှာလည်း နိုင်ငံတော်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း နှစ်သစ်ကူးနေ့ အခမ်းအနားမှာ လက်နက်ကိုင် အဖွဲ့ အစည်းတွေအနေနဲ့ ကျနော်တို့လူထုရှေ့မှာ လက်နက် နဲ့ စစ်ရေးပြသတာလည်း မသင့်တော်သေးဘူးထင်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အရေးပေါ်ကော်မတီ အစည်းအဝေးခေါ်ယူပြီးတော့ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့။ အရင်က ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး စစ်ရေးပြအခမ်းအနားလုပ်မယ်လို့ သိရတဲ့အခါကျတော့ ပြည်ပရောက် ကရင်တွေကလည်း အတော်လေး စိတ်ဝင်စားမှု ရှိကြတယ်လို့ သိရပါတယ်။ အခုလို မလုပ် ဖြစ်တော့တဲ့အတွက် ကေအိုင်စီကနေတဆင့် သူတို့ကို ဘာများပြောကြားချင်ပါလဲ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ ကျနော်တို့မလုပ်ဖြစ်တာ စစ်ရေးပြ စစ်ကြောင်းချီပြီးတော့ လက်နက်နဲ့ ပြသတာပဲ မလုပ်ဖြစ်တာ ပါ။ ကျန်တာကတော့ အစီအစဉ် ရှိခဲ့တဲ့အတိုင်းပဲ ဆက်လုပ်သွားမှာပါ။ ပြီးတော့ တပ်ဖွဲ့ဝင်တွေကလည်း အရင်သတ်မှတ်ထားတဲ့ အင်အားအတိုင်းပဲ နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူလူထုနဲ့အတူ ကရင့်အမျိုးသား အလံတော်ကို အလေးပြုမှာ ဖြစ်ပါတယ်။
မေး ။ ။ အရင်က ဘယ်လိုရည်ရွယ်ချက်တွေနဲ့ စစ်ရေးပြ အခမ်းအနားထည့်သွင်း ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တာပါလဲခင်ဗျ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ ကရင်နှစ်သစ်ကူးနေ့ ကျင်းပခွင့်ရလာတာ နှစ်ပေါင်းကြာပါပြီ။ အဲဒီအတောအတွင်းမှာ ကျနော်တို့ တွေ တကွဲတပြားနဲ့ ကရင်ပြည်သူလူထုတွေနဲ့အတူ ဒီလိုနေ့ထူးနေ့မြတ်မှာ ပါဝင်ချီတက်ပြသဖို့ တစ်ခါမှမရှိခဲ့ဖူးဘူး။ နောက်ပြီး မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ထာဝရငြိမ်းချမ်းရေးရအောင် ဖော်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့လည်း ကြိုဆိုတယ်။ ပြည်သူလူထုလည်း ကြိုဆိုတယ်။ ကျနော်တို့နယ်ခြားစောင့်တပ်ဟာ တပ်မတော်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပေမယ့်လို့ ကျနော်တို့လည်း ကရင်လူမျိုး ဖြစ်ပါတယ်။ အဲဒါကြောင့် ကွဲပြားနေတဲ့ ကရင့်လက်နက်ကိုင် အဖွဲ့အစည်း တွေအနေနဲ့ စည်းလုံးညီညွှတ်မှုနဲ့အတူ ငြိမ်းချမ်းရေးကို ကြိုဆိုတဲ့အနေနဲ့ ထည့်သွင်းပြသမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အခုကျင်းပမယ့် ကရင်နှစ်သစ်နေ့အခမ်းအနားမှာ လောင်းကစားဝိုင်းတွေကို လုံးဝ ထည့်သွင်းခွင့်မပေးဘူးလို့ သိရ တာမို့ ပွဲတော်အတွက် စီစဉ်ထားတာလေးများကို ပြောပြပေးပါအုံးခင်ဗျာ။
ဗိုလ်မှူးကြီးစောချစ်သူ။ ။ ဒီလိုနေ့မျိုးဆိုတာ နေ့ထူးနေ့မြတ်ဖြစ်သလို ထူခြားတဲ့နှစ်လည်း ဖြစ်တဲ့အတွက်ကြောင့် သန့်သန့် ရှင်းရှင်းနဲ့ပဲကျင်းပမယ်ဆိုပြီးတော့ လောင်းကစားဝိုင်းတွေကို လုံးဝ ခွင့်ပေးမှာမဟုတ်ပါဘူး။ နောက်ပြီး ကွင်းအတွင်းမှာလည်း အရက်သေစာသောက်စား ရောင်းချခြင်းများကိုလည်း လုံးဝခွင့်မပြုပါဘူး။ လုံခြုံရေးအနေနဲ့ကလည်း ကျနော်ကိုယ်တိုင် လုံခြုံ ရေးဆပ်ကော်မတီမှာ အတွင်းရေးမှူးအဖြစ်နဲ့ တာဝန်ယူပြီးတော့ ကျန်တဲ့ ကရင်လက်နက်ကိုင် တစ်ဖွဲ့ချင်းစီကလည်း လုံခြုံရေး တာဝန်များကို ယူသွားမှာဖြစ်ပါတယ်။
မေး ။ ။ နောက်ပြီး ဒီလိုနှစ်သစ်ကူးနေ့အခမ်းအနားကို စည်စည်ကားကားကျင်းပနိုင်ဖို့ ငွေကြေးသုံးစွဲမှုအရ ဘယ်လိုစီစဉ် ဆောင်ရွက်ထားတာ ရှိပါသလဲ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ ကျနော်တို့ ကျပ်ငွေသိန်း(၅)ထောင် သုံးစွဲဖို့ရှိပါတယ်။ အဲဒါထက်လည်း ကျော်လွန်သွားဖို့ရှိပါ တယ်။ အခု အခမ်းအနားပြင်ဆင်မှုတင်ပဲ သိန်း ၃ထောင်ကျော်ကုန်သွားပါပြီ။ ဒီလိုငွေကြေးတွေကိုလည်း ကရင်လက်နက်ကိုင် တစ်ဖွဲ့ချင်းစီက ထည့်ဝင်မတည်ငွေနဲ့ပဲ ကျင်းပသွားမှာဖြစ်ပါတယ်။
မေး ။ ။ နောက်နှစ်တွေမှာရော ဒီလိုဆက်လက်ကျင်းပနိုင်ဖို့ အစီအစဉ်လေးများရှိရင် ပြောကြားပေးပါအုံးခင်ဗျာ။
ဗိုလ်မှူးကြီးစောချစ်သူ ။ ။ အခုနှစ်မှ မဟုတ်ပါဘူး။ အရင်နှစ်ကလည်း ကျနော်တို့အတူတူ ကရင်အမျိုးသားအစည်းအရုံးနဲ့အ တူ နှစ်သစ်ကူးပွဲကို ဆင်နွဲဖို့ရှိခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရရော၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ နောက် နှစ်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ KNU အနေနဲ့လည်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီဆိုရင် လာမယ့်နှစ်မှာ ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေရင်းမှာ ပြန်လည်ကျင်းပသွားဖို့ ရှိပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူသည် ကရင်ပြည်နယ်တွင် လက်ရှိ နယ်ခြားစောင့်တပ်၏ အမှတ်(၃) တိုက်နယ်မှူးဖြစ်သည်။ သူသည် ၁၉၉၄ ခုနှစ်က ကေအဲန်ယူမှ ခွဲထွက်သွားခဲ့သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)တွင် ဗိုလ်မှူးချုပ် ဖားနွီး ဦးစီးသော (၉၉၉)တပ်မဟာ၏ ဗျူဟာမှူးတာဝန်ကို ဒီကေဘီအေအဖွဲ့ နယ်ခြားစောင့်တပ် အသွင်မပြောင်းခင် ၂၀၁ဝခုနှစ်၊ ဩဂုတ်လအထိ တာဝန်ယူခဲ့သူ ဖြစ်သည်။