Home သတင်း KNLA နှင့် ထိပ်တိုက် ပစ်ခတ်မှုတွင် BGF ၄ဦး ကျဆုံး

KNLA နှင့် ထိပ်တိုက် ပစ်ခတ်မှုတွင် BGF ၄ဦး ကျဆုံး

2191
ဩဂုတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့-KNLA နှင့် နယ်ခြား‌စောင့်တပ်ဖွဲ့-BGF တပ်ရင်း(၁၀၁၄)တို့ ဩဂုတ်လ ၅ရက်‌နေ့က ဖာပွန်မြို့နယ်၊ မဲဆိပ်‌ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF မှ ၄ဦးကျဆုံးပြီး KNLA ဘက်မှ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိ‌ကြောင်း ‌ကေအိုင်စီမှ စုံစမ်းသိရှိရသည်။

KNLA တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးကလယ်ဒို့က “မနက် ၅နာရီမှာ BGF (၁၀၁၄) တပ်ရင်းနဲ့ ကျ‌နော်တို့ KNLA တပ်မဟာ(၅)ဌာနချုပ်က တပ်စုတစုတို့ ထိပ်တိုက်ဖြစ်ကြတာပါ။ ကျ‌နော်တို့ ရဲ‌ဘော်‌တွေ ရဲ့ သတင်း‌ပေးပို့ချက်အရ BGF ဘက်က ၄ဦးကျတယ်။ ထိခိုက်တာ‌တော့ မသိရဘူး။ ကျ‌နော်တို့ဘက်က‌တော့ ဒဏ်ရာ ၂‌ယောက်ရတယ်။ ‌နောက် လက်နက်အနည်းငယ်လည်း သိမ်းဆည်းလိုက်မိတယ်” ဟု ဆိုသည်။

အချိန်နာရီဝက် ကြာမြင့်သည့် ၎င်းတိုက်ပွဲတွင် KNLA က BGF တပ်ဖွဲ့ထံမှ အမ်-၁၆ ၄လက်၊ ကာဘိုင် တစ်လက်၊ ပစ္စတို တစ်လက်၊ ပွိုင့်-၂၂ တစ်လက်၊ ကင်မရာတစ်လုံးနှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းခဲ့ သည်ဟု သိရသည်။ KNLA တပ်မဟာ(၅)နယ်‌မြေတွင် နယ်ခြား‌စောင့်တပ် (၁၀၁၃)နှင့် (၁၀၁၄) တပ်ရင်းတို့ အ‌ခြေစိုက် လှုပ်ရှားလျက်ရှိရာ ယခုတိုက်ပွဲတွင် (၁၀၁၄)တပ်ရင်းမှူး ဗိုလ်မှူး‌မောင်ချစ်ကိုယ် တိုင် ဦး‌ဆောင်၍ နယ်‌မြေတိုးချဲ့မှု ပြုလုပ်လာသည့်အတွက်‌ကြောင့် KNLA ဘက်မှ တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဗိုလ်မှူးကလယ်ဒို့က “BGF က ‌နေရာတိုးချဲ့လာ‌နေတာ‌လေ။ နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေ စကား‌ပြော‌နေချိန်မှာ မလုပ်ဖို့‌ပြောတာ လက်မခံဘူး။ အဲဒါကို ကျ‌နော်တို့က နယ်စပ်လုံခြုံ‌ရေးဝန်ကြီးဆီ ဆက်သွယ် ‌ပြော‌ပေးဖို့ ဗဟိုကို တင်ပြထားပါတယ်။ ဒီလိုတင်ပြထားပြီး‌နောက်ပိုင်း‌တောင် တိုးလာ‌တော့ ကျ‌နော်တို့ကလည်း ‌အောက်‌ခြေကို လုပ်သင့်တာလုပ်လို့ ညွှန်ကြားထားခဲ့တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားသည့် မဲဆိပ်‌ဒေသမှာ ‌ကေအဲန်ယူ တပ်မဟာ(၅)နှင့် တပ်မဟာ(၇)ကြား‌နေရာဖြစ်ပြီး BGF တပ်များက ‌နေရာတိုးချဲ့မှု လုပ်‌ဆောင်‌နေ‌သော်လည်း ထို‌ဒေသရှိ မြန်မာအစိုးရ စစ်တပ်များ က လှုပ်ရှားမှု တစုံတရာ မရှိ‌ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၃ဝရက်‌နေ့ကလည်း ဗိုလ်မှူး‌မောင်ချစ် ဦးစီးသည့် အင်အား ၃ဝဦးရှိ အဆိုပါ (၁၀၁၄) BGF တပ်ဖွဲ့ဝင်များသည် KNU တပ်မဟာ(၅)နယ်‌မြေ မယ့်လား‌ဒေသ၌လည်း‌ကောင်း၊ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် BGF (၁၀၁၃)တပ်ရင်း၊ ဗိုလ်မှူး‌အောင်လင်းသိန်း ဦးစီးသည့် BGF (၁၀၁၂)တပ်ရင်းတို့ပူး‌ပေါင်းပြီး KNLA တပ်မဟာ(၅) မဲဆိပ်အ‌ရှေ့ခြမ်း‌ဒေသတွင်လည်း‌ကောင်း၊ ဖားယူ‌ဟေး (ရာထူးမသိ) ဦးစီးသည့် BGF (၁၀၁၃)မှ တပ်ဖွဲ့ဝင် ၃ဝဦးက ကန်ညီ‌နောင်‌ကျေးရွာတွင်လည်း‌ကောင်း ဝင်‌ရောက်အ‌ခြေချပြီး နယ်‌မြေတိုးချဲ့မှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု သိရသည်။

၎င်းတိုက်ပွဲများနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်ကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း‌သော်လည်း ဖုန်းလိုင်းဆက်သွယ်‌ရေး အခက်အခဲရှိသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေးကို တစုံတရာ သ‌ဘောတူညီပြီး ဆက်လက် ‌ဆွေး‌နွေး‌နေချိန်တွင် ယခုလို တိုက်ပွဲဖြစ်ပွားမှုမှာ ‌ဆွေး‌နွေး ‌ရေးကို ထိခိုက်မှုရှိမရှိ ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို KNU အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က ယခုလို ပြန်လည်‌ဖြေကြားသည်။

“နှစ်ဖက် ‌ဆွေး‌နွေးစကား‌ပြော‌နေဆဲ ကာလမှ ဒီလိုတိုက်ပွဲဖြစ်ပွားမှု‌တွေက ညွှန်ကြားမှု‌တွေ ‌နေရာတိုင်း မ‌ရောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကို ကျမတို့က တပ်ဖက်ပိုင်းမှာ ပို‌သေချာ‌အောင် ထပ်ပြီး လုပ်‌ဆောင်ရမဲ့သ‌ဘောဖြစ်‌နေတာမို့ ဆက်လက် ‌ဆွေး‌နွေးသွားမှာပါ”ဟု ‌ပြောဆိုသည်။

မြန်မာအစိုးရနှင့် KNU နှစ်ဖက် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအဖွဲ့များသည် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နှင့် ဧပြီလ ၆ရက်‌နေ့များတွင် ပြည်နယ်အဆင့်နှင့် ပြည်‌ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ‌ရေး အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးကာ သ‌ဘောတူညီထားခဲ့သည်။