အောက်တိုဘာ (၃၀) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့နှင့် အမှောင်ခေတ်မှတ်တမ်း အမည်ရ စာအုပ်မိတ်ဆက်ပွဲကို ယနေ့၊ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲအခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပါဝင်ကြသူများ၊ နွေဦးတော်လှန်ရေးလှုပ်ရှားသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
အခမ်းအနားကို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးကြောင့်အကျဥ်းကျခံနေရသူများကို မေ့လျော့မသွားကြရန်နှင့် အကျဉ်းထောင်အတွင်း ၎င်းတို့ ဖန်တီးပြုလုပ်ခဲ့သည့် အနုပညာလက်ရာများအား ချပြလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း AAPP မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောသည်။
“စစ်အုပ်စုက လူတွေကိုပဲချုပ်ထားလို့ရမယ်။ နိုင်ငံရေးအကျဉ်သားတွေရဲ့ တီထွင်ဖန်တီးမှုတွေ၊ သူတို့ရဲ့အတွေး အခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ချုပ်ထားလို့မရဘူး။ ဒီနေ့အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးမှုတွေကို အများပြည်သူကို ချပြချင်တဲ့အတွက် ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်မျိုးကျော်က ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျဥ်းသားဟောင်းများနှင့် စကားဝိုင်းဆွေးနွေးခြင်း၊ ဂုဏ်ပြုကဗျာဖတ်ရွတ်ခြင်း၊ တော်လှန်ရေးမှာ သေဆုံးသွားသူများကို ရည်ရွယ်ရေးဖွဲ့ထားသည့် “ကြယ်” သီချင်းဖြင့် ဖျော်ဖြေခြင်းနှင့် ဂိမ်းကစားခြင်း အပါအဝင် အစီအစဉ် (၁၁) ခုကို ပွဲအတွင်း ထည့်သွင်းပြုလုပ်ခဲ့သည်။

ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာနိုင်ငံရေးအကျဥ်းသားများနေ့ အစီအစဥ်အရ စကားဝိုင်းဆွေးနွေးပွဲအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် လက်ရှိအကျဥ်းကျခံနေရသူ၏ မိသားစုဝင်များက ထောင်တွင်း အတွေ့အကြုံများ၊ တော်လှန်ရေးခံယူချက်များ၊ မျှော်လင့်ချက်ဆန္ဒများအား ပြောဆိုခဲ့ကြခြင်းလည်း ရှိသည်။
ပွဲတက်ရောက်လာသည့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက “ပြည်ပရောက်မြန်မာတွေအနေနဲ့ ဒီလိုအခမ်းအနားတွေ ပိုပြီးလုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ဖို့က မြန်မာနိုင်ငံအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် တခုတည်းသောနည်းလမ်းလည်းဖြစ်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ အမှောင်ခေတ်မြန်မာပြည်တွင် ထိုထက်သာ၍ကျပ်တည်းသော အကျဉ်းထောင် ကို တင်စားပြလိုသည့်သဘော အမည်တပ်ထားသော အမှောင်ခေတ်မှတ်တမ်းစာအုပ် ကိုလည်း မိတ်ဆက်ခဲ့သည်။ စာအုပ်ပါအကြောင်းအရာများသည် နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်းရေးဖွဲ့ထားသည့်ကဗျာများကို စုစည်းထားခြင်းဖြစ်သည်ဟု သက်ဆိုင်သူများက ဆိုသည်။
AAPP ကမှတ်တမ်းတင်ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်အုပ်စု အာဏာသိမ်းထားသည့်ကာလအတွင်း နိုင်ငံရေးကြောင့်ဖမ်းဆီးခံရသူများ (၃၂,၂၅၅) ဦးရှိလာပြီး ၎င်းအနက် (၈,၆၂၇) ဦး သေဆုံးခဲ့သည်။
အပြည်ပြည်ဆိုင်ရာနိုင်ငံရေး နိုင်ငံရေးအကျဥ်းသားများနေ့သည် ၁၉၇၄ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့က ဆိုဗီယက်ယူနီယံ၊ အကျဉ်းစခန်းများထဲရှိ နိုင်ငံရေးအကျဉ်းသားများ တစ်ရက်တာ အစာမစားဘဲ ဆန္ဒပြခဲ့ကြမှုမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဤနေ့ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးအကြောင်းပြချက်ဖြင့် လွတ်လပ်စွာပြောဆိုလုပ်ကိုင်နိုင်မှု မရှိသူများကို မမေ့မလျော့စေရန်နှင့် ၎င်းတို့ လွတ်မြောက်ရေးနှင့် တရားမျှတမှုကို တောင်းဆိုရန် ရည်ရွယ်၍ နှစ်စဥ်ကျင်းပကြကြောင်းလည်း သိရသည်။



















