Home သတင်း CI လုပ်ငန်းစဉ်တွင် စစ်အုပ်စု အချက်အလက်အသေးစိတ်တောင်း၍ မိသားစုလုံခြုံရေး အန္တရာယ်ရှိနိုင်

CI လုပ်ငန်းစဉ်တွင် စစ်အုပ်စု အချက်အလက်အသေးစိတ်တောင်း၍ မိသားစုလုံခြုံရေး အန္တရာယ်ရှိနိုင်

17
Photo: MMWRCCT

အောက်တိုဘာ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရွှေ့ပြောင်းအလုပ်သမားများအတွက် CI နှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် မိသားစုဝင် အချက်အလက် အတိအကျတောင်းသဖြင့် လုံခြုံရေးအန္တရာယ်ရှိနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ-MMWRCCT မှ ထိုင်းအစိုးရနှင့် ပါလီမန်ထံ တင်ပြသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အထောက်အထားဆိုင်ရာ စာရွက်စာတမ်းအခက်အခဲနှင့် ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို နားလည်သဘောပေါက်ပြီး ဖြေရှင်းပေးနိုင်ရန် ထိုင်းအစိုးရနှင့် ပါလီမန်အပါအဝင် လုပ်ငန်းရှင်နှင့် ထိုင်းပြည်သူထံ MMWRCCT က အောက်တိုဘာလ (၂၆) ရက်နေ့တွင် မေတ္တာရပ်ခံ တင်ပြခြင်းဖြစ်သည်။

မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား(CI) ပြုလုပ်သည့် လုပ်ငန်းစဉ်တွင် အလုပ်သမား၏ မိသားစုဝင် လိပ်စာအချက်အလက် အသေးစိတ်တောင်းနေသောကြောင့် စစ်အုပ်စု၏ မတရားသတ်မှတ်ချက်များကို လိုက်နာရန် ငြင်းဆန်သည့်အခါ မြန်မာပြည်ရှိ မိသားစုဝင်များကို ခြိမ်းခြောက်ဖိအားပေးခြင်း၊ တရားမဝင်ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ငွေညစ်မှုများ ခံရနိုင်ကြောင်း တင်ပြချက်တွင်ဖော်ပြထားသည်။

ထို့အပြင် အထောက်အထားအတွက် ပေးဆောင်ရသည့် အခွန်ငွေများ စစ်အုပ်စု၏ စစ်အသုံးစရိတ်ဖြစ်သွားနိုင်မှုနှင့် နယ်စပ်ဒေသတွင် အထောက်အထားသက်တမ်းသွားရောက်တိုးသည့်အခါ စစ်သားသစ် စုဆောင်းခံရနိုင်သည့် အန္တရာယ်ရှိနိုင်ခြေများကိုပါ MMWRCCT က ထည့်သွင်းတင်ပြသည်။

MMWRCCT အမှုဆောင်အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က “ကျနော်တို့ စုစည်းညီညွှတ်စွာ အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ ကျနော်တို့ လုပ်သားအားလုံး မျှော်မှန်းထားတဲ့ ကောင်းကျိုးရလဒ် မကြာခင်ထွက်ပေါ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ကော်မတီ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရှင်းလင်းပြောဆိုသည်။

Photo: MMWRCCT

အဆိုပါတင်ပြချက်တွင် အလုပ်သမားများ နှစ်နိုင်ငံ အခွန်ပေးရသည့်အခြေအနေ၊ ပွဲစား၊ အေဂျင်စီအကျိုးဆောင်ခ မတတ်နိုင်၍ သက်တမ်းမတိုးနိုင်ပါက တရားမဝင်အလုပ်သမားအဖြစ်သို့ ရောက်သွားပြီး ထိုင်းနိုင်ငံ စီးပွားရေးတွင် ကျွမ်းကျင်အလုပ်သမား ပြတ်လတ်နိုင်မှု အခြေအနေ ရှင်းလင်းဖော်ပြချက်လည်း ပါဝင်သည်။

ယင်းကြောင့် ထိုင်းအစိုးရ၊ ပါလီမန်အမတ်များ၊ ကော်မတီများနှင့် သက်ဆိုင်ရာအစိုးရအာဏာပိုင်များအနေဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား နိုင်ငံကူးလက်မှတ် (သို့မဟုတ်) CI အစား ပန်းရောင်ကတ်နှင့် အလုပ်လုပ်ခွင့်(ဝေါ့ပါမစ်)သာတွဲသုံးပြီး တရားဝင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပေးရန် MMWRCCT က တောင်းဆိုသည်။

ထို့အတူ လူမှုအခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် အထောက်အထားအသစ်/လဲလှယ်ရာတွင် ပွဲစားများ၏ အမြတ်ထုတ်မှုကိုတားဆီးပေးရန်လည်း တောင်းဆိုချက်ထဲ ထည့်သွင်းထားသည်။

လက်ရှိ CI ပြုလုပ်ခြင်းနှင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့် လုပ်ငန်းစဉ်တွင် စစ်အုပ်စုသည် ရွှေ့ပြောင်းအလုပ်သမားများထံမှ ဝင်ငွေ ခွန် ၂% ကို ကြိုတင်ခွန်အဖြစ်လည်ကောင်း၊ လစာဝင်ငွေခွန်၏ အနည်းဆုံး ၂၅%ကို နိုင်ငံအတွင်းသို့ ငွေလွှဲထားကြောင်း အထောက်အထားတင်ပြခိုင်းခြင်းရှိသည်။

ယင်းသတ်မှတ်ချက်ကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ CI မပြုလုပ်ရရေး လှုပ်ရှားမှုများ အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြသလို CI စခန်းများတွင်လည်း အထောက်အထားအသစ် သွားရောက်လုပ်သူ နည်းပါးလာကြောင်း သိရသည်။