Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်ဆက်သွယ်မေးမြန်းခြင်း။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်ဆက်သွယ်မေးမြန်းခြင်း။

24
Photo: KIC

“ပြည်သူတွေရဲ့ ပါဝင်မှုက ပိုပြီးအားကောင်းလာမယ်၊ ပြည်သူတွေလိုချင်တဲ့ မိမိရဲ့ကျေးရွာဒေသတွေကို မိမိတို့ခြေလက်နဲ့ ပိုပြီးလုပ်ဆောင်လာနိုင်မယ်”

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့်ဆက်သွယ်မေးမြန်းခြင်း။

အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေအတွင်း အုပ်ချုပ်ရေးနှင့်ပြည်သူ့စီမံခန့်ခွဲမှုလုပ်ဆောင်နေကြသည့် ခေါင်းဆောင်များအကြား ချိတ်ဆက်မှုနှင့်ပူးပေါင်းလုပ်ဆောင်မှု အားကောင်းရန် ရည်ရွယ်၍ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်အသီးသီးမှခေါင်းဆောင်များနှင့် ပညာရှင်များပါဝင်သော တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ကေအဲန်ယူထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြီးခဲ့သည့် အောက်တိုဘာ(၁၆) ရက်မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးမှ ဆွေးနွေးခဲ့သည့်အကြောင်းအရာများ၊ သဘောတူညီချက်ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် ပြည်သူအတွက် အကျိုးရှိမည့်အရာများကို သိရှိနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနက ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ဒီတတိယအကြိမ် မြို့နယ်အုပ်ချုပ်ရေးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၁၁ ချက်နဲ့ သဘောထား ၅ ရပ်ထဲမှာ အဓိကအရေးကြီးဆုံးအချက်တွေက ဘာတွေလဲ။ အဲဒီအချက်တွေကို ဘယ်အချိန်ကစပြီး ဘယ်လိုအကောင်အထည်ဖော်သွားဖို့ ရှိပါသလဲ။
ဖြေ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျနော်အရင်ဦးဆုံးပြောချင်တာက ဒီမျက်နှာစုံညီအစည်းအဝေးရလဒ်တွေ သဘောတူညီချက်တွေအားလုံးက ကျနော်တို့အတွက်အရေးကြီးပါတယ်။ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့အကြောင်းအရာ အရေးကိုပဲ ကျနော်တို့ ဆွေးနွေးခဲ့တာဖြစ်တယ်။ ဒီမျက်နှာစုံညီအစည်းအဝေးက ကျနော်တို့ကရင်တမျိုးသားလုံးအတွက် အရေးကြီးတဲ့ စည်းဝေးပွဲတစ်ခု ဖြစ်တယ်။ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ဖို့ ဘယ်လိုလမ်းကြောင်းနဲ့၊ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုမျိုးအချက်အလက်တွေနဲ့ ကျနော်တို့ အကောင်အထည်ဖော်လို့ရမလဲ၊ ဘယ်လိုပုံစံနဲ့ သင့်တော်မလဲဆိုတဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ခုပါ။ ကျနော်တို့ရည်မှန်းချက်ရောက်ဖို့အတွက် အင်မတန် အရေးကြီးတဲ့အချက်တွေကို ဒီအစည်းအဝေးကနေ ကျနော်တို့ရရှိတာဖြစ်တယ်။

မေး။ ဒီအစည်းအဝေးမှာ အခြေခံအုပ်ချုပ်ရေးအဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ ပြည်သူတွေအတွက် ဘယ်လိုပြောင်းလဲမှုနဲ့ အကျိုးကျေးဇူးတွေ ရရှိလာနိုင်မလဲ။
ဖြေ။ ပြည်သူတွေအတွက်ကတော့ အောက်ခြေကနေ စွမ်းရည်မြှင့်တင်ခြင်းအဆင့်အဆင့်ကို ဆောင်ရွက်တဲ့နေရာမှာ ပြည်သူတွေကိုယ်တိုင် ပိုပြီးတော့ ထဲထဲဝင်ဝင်ပါလာနိုင်မယ့် အနေအထားလည်း ကျနော်တို့ တွေ့ရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အဓိကရည်မှန်းထားတဲ့ ပြောဆိုနေကျတဲ့ Bottom Up Approach ဆိုတဲ့အနေအထားကို ကျနော်တို့ ပိုပြီးတော့သွားနိုင်မှာဖြစ်တယ်လို့ မြင်ပါတယ်။ ဆိုလိုချင်တာကတော့ ပြည်သူတွေရဲ့ ပါဝင်မှုက ပိုပြီးအားကောင်းလာမယ်၊ ပြည်သူတွေလိုချင်တဲ့ မိမိရဲ့ကျေးရွာဒေသတွေကို မိမိတို့ခြေလက်နဲ့ ပိုပြီးလုပ်ဆောင်လာနိုင်မယ့်အနေအထားကို ပြောချင်တာဖြစ်တယ်။

မေး။ “မဲ့ဝါးကလိုး ကြေညာစာတမ်း” ပါ အခြေခံမူတွေကို အကောင်အထည်ဖော်နေမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်လောက်အထိ တိုးတက်မှုရှိနေပြီလဲ။ အားနည်းချက်တွေကို ဘယ်လိုပြန်လည်ပြင်ဆင်သွားဖို့ ရှိပါသလဲ။
ဖြေ။ မဲ့ဝါးကလိုးကြေညာစာတန်းမှာပါတဲ့ အချက်အလက်တွေကို ဒီပွဲမှာ ပြန်လည်သုံးသပ်ပြီးတော့ ပိုပြီးတော့ကောင်းမွန်အောင် ပြင်ဆင်ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘယ်လောက်အထိ အကောင်အထည်ဖော်ပြီလဲဆိုရင် အောက်ခြေကနေလုပ်ဆောင်ရမယ့် ကျေးရွာရဲ့အုပ်ချုပ်ရေးတွေကို စတင်ပြီးတော့ အသိပေးနှိုးဆော်တာတို့၊ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်မှာ လုပ်ဆောင်ရမယ့် သူတို့အတွက် လမ်းညွှန်တွေ ဘာတွေကို ကျနော်တို့ တစ်ဆင့်ချင်း ကြိုးစားပြီး ပြင်ဆင်ထားတာရှိပါတယ်။

မေး။ ခရိုင်(၇)ခုနဲ့ မြို့နယ်(၂၈) မြို့နယ်အကြား အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘယ်လိုညှိနှိုင်းပူးပေါင်းမှုနဲ့ တာဝန်ခံမှုစနစ်တွေ ထားရှိသွားမှာပါလဲ။ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုကို ဘယ်လိုစောင့်ကြည့် အကဲဖြတ်သွားမလဲ။
ဖြေ။ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုမျိုးစောင့်ကြည့်မလဲဆိုတာကို ကျနော်တို့ ပြောဖို့တော့ နည်းနည်းစောပါသေးတယ်။ သို့သော်လည်း ဆုံးဖြတ်ချက်ချပြီးတော့မှ တာဝန်ယူမှု တာဝန်ခံမှုနဲ့ အဆင့်ဆင့် လုပ်ဆောင်သွားနိုင်ဖို့အတွက်ကတော့ တာဝန်ဝတ္တရားတွေကို ချမှတ်ပေးသွားဖို့လည်း ရှိပါတယ်။ အဲဒီ အကဲဖြတ်စောင့်ကြည့်မှုကတော့ စနစ်တကျနဲ့ပါဝင်တဲ့ အောက်ခြေက တာဝန်ရှိတဲ့လူကိုယ်တိုင် ဘယ်လိုမျိုး စောင့်ကြည့် ဆုံးဖြတ် အကဲဖြတ်သင့်သလဲဆိုတာကတော့ သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာလျှင် ချမှတ်သွားမှာပါ။