Home သတင်း လွိုင်ကော် အရှေ့ဘက်ခြမ်းတွင် လုံခြုံရေးကြောင့် စပါးမမှည့်ခင် ရိတ်သိမ်းနေရ

လွိုင်ကော် အရှေ့ဘက်ခြမ်းတွင် လုံခြုံရေးကြောင့် စပါးမမှည့်ခင် ရိတ်သိမ်းနေရ

17
Photo crd: အစိမ်းရောင်လမ်း (ပုံဟောင်း)

​အောက်တိုဘာ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

​ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းတွင် စစ်အုပ်စုက
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အသက်အန္တရာယ်လုံခြုံရေးကြောင့် စပါးမမှည့်ခင် ကြိုတင်ရိတ်သိမ်းနေကြရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

​လွိုင်ကော်မြို့ကိုပြန်လည်ထိန်းချုပ်ထားသော စစ်အုပ်စုသည် လွိုင်ကော်မြို့ပြင်နှင့်ကျေးရွာများကို မကြာခဏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ကြောင့် စပါးမမှည့်ဘဲ ရိတ်သိမ်းမှုမှာ ဝမ်းစာစီးပွား ထိခိုက်မှုရှိသော်လည်း အသက်ဘေးလုံခြုံရေးက ပိုအရေးကြီး၍ ကြိုတင်ရိတ်သိမ်းကြရသည်ဟု လွိုင်ကော်အရှေ့ဘက်ခြမ်းနေ လယ်စိုက်တောင်သူများက ပြောသည်။

​”ကြောက်နေရတာပေါ့။ အမှန်က စပါးရိတ်သိမ်းချိန် စပါး ပြီးအောင် ရိတ်ချင်တာပါ။ အခုတော့ စပါးကိုအစိမ်းအတိုင်းပဲ ရိတ်ရတယ်။ အစိမ်းဆိုတော့အထားမခံဘူးလေ အထွက်လည်းနည်းတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ၎င်းတို့အခြေစိုက်တပ်စခန်းများကို လက်မလွှတ်ရရေး ပြီးခဲ့သည့်ဩဂုတ်မှ စက်တင်ဘာအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းဒေသနေ အရပ်သားကလေးငယ်နှင့် အမျိုးသမီးအပါအဝင် ဒေသခံထိခိုက်သေဆုံးခြင်း၊
နေအိမ်ပျက်စီးခြင်းရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

​ပြီးခဲ့သည့် အောက်တိုဘာလ (၂၄) ရက်နေ့ကလည်း လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းရှိ လွယ်ထွယ်ကျေးရွာသို့ စစ်အုပ်စုက လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု ဗုံးကြဲ ပစ်ခတ်ခဲ့သဖြင့် အရပ်သား(၃) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ လွိုင်ကော်မြို့ပေါ်တွင်လည်း စားသောက်ကုန်ပိတ်ပင်ခြင်း၊ အဝင်အထွက်ဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ခြင်း၊ လူငယ်များကို စစ်မှုထမ်းအတွက် စစ်အုပ်စုက အတင်းအကျပ်စေခိုင်း ဖမ်းဆီးခြင်းတို့ ရှိနေသည်ဟု မြို့ခံများက ဆိုသည်။