Home သတင်း ကော်သူးလေနယ်မြေတွင် သုံးလတာအတွင်း စစ်အုပ်စုကြောင့် အရပ်သား(၂၉)ဦး သေဆုံးပြီး (၇၂)ဦး ထိခိုက်ဒဏ်ရာရ

ကော်သူးလေနယ်မြေတွင် သုံးလတာအတွင်း စစ်အုပ်စုကြောင့် အရပ်သား(၂၉)ဦး သေဆုံးပြီး (၇၂)ဦး ထိခိုက်ဒဏ်ရာရ

17
ပုံစာ- ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း စစ်အုပ်စုပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မူတြော်နှင့်ခလယ်လွီထူခရိုင်က ဒေသခံများ။ Photo crd: KPSN

အောက်တိုဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ အုပ်ချုပ်သည့် ကော်သူးလေနယ်မြေများတွင် ဇူလိုင်မှ စက်တင်ဘာအထိ စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း (၂၉)ဦးသေဆုံးပြီး (၇၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ မှတ်တမ်းအရ သိရသည်။

ကေအဲန်ယူအုပ်ချုပ်သည့် နယ်မြေ(၇)ခုတွင် သုံးလအတွင်း စုစုပေါင်း တိုက်ခိုက်မှုအကြိမ်ရေပေါင်း (၁,၇၇၁)ကြိမ် ဖြစ်ပွားခဲ့၍ အထူးသဖြင့် ခလယ်လွီထူ(ညောင်လေးပင်)၊ ဒူးပလာယာနှင့် မူတြော်(ဖာပွန်)ခရိုင်များသို့ စစ်အုပ်စုက အများဆုံး ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် အမျိုးသမီး(၁၃)ဦး၊ အသက်မပြည့်သေးသည့်ကလေးငယ်(၈)ဦး အပါအဝင် သေဆုံးသူ (၂၉)ဦး ရှိခဲ့သလို ထိခိုက်ဒဏ်ရာရသူ(၇၂)ဦးအနက် အမျိုးသမီးနှင့်ကလေးစုစုပေါင်း (၄၃)ဦး ပါဝင်သည်ဟု စာရင်းမှတ်တမ်းက ဖော်ပြသည်။ ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံ (၃၃၂)လုံးလည်း ပျက်စီးခဲ့သည်။

စစ်အုပ်စု၏အရပ်သားဦးတည်ချက်ထား တိုက်ခိုက်မှုသည် ကေအဲန်ယူ၏အုပ်ချုပ်ရေးယန္တရားကို ပျက်စီးစေရန်အပြင် နယ်မြေအတွင်း စိတ်ချလုံခြုံစွာနေထိုင်နိုင်ရေးနှင့် အခြေခံဝန်ဆောင်မှုများကို ကေအဲန်ယူက မပေးနိုင်ကြောင်း ပြသလိုသည့်သဘောဟု KPSN က ဆိုသည်။

ပုံစာ- ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း စစ်အုပ်စုပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မူတြော်နှင့်ခလယ်လွီထူခရိုင်က ဒေသခံများ။ Photo crd: KPSN

ထို့အပြင် မြေပြင်တွင်စစ်ရေးဖော်ဆောင်ခြင်းထက် လေကြောင်းနှင့်လက်နက်ကြီး အများအပြား အသုံးပြုနေခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးရေး ခိုင်မာအားကောင်းမှုမရှိရန်၊ နယ်စပ်ကုန်သွယ်ရေးနှင့်ထောက်ပို့လမ်းကြောင်းများ လုံခြုံစေရန်နှင့် စစ်အုပ်စုတပ်စခန်းများ အင်အားဖြည့်တင်းပြီး အသာစီးရနိုင်ရန် ဖြစ်ကြောင်းလည်း မှတ်တမ်းအစီရင်ခံစာတွင် တပါတည်းဖော်ပြသည်။

KPSN ၏ စာရင်းတွင် ဇူလိုင်မှ စက်တင်ဘာအထိ အရပ်သားထိခိုက်သေဆုံးမှုပမာဏသည် ဩဂုတ်လတစ်လတည်းတွင် အများဆုံးတွေ့ရ၍ သေဆုံးသူ(၁၂)ဦး ဒဏ်ရာရသူ(၁၆)ဦးဖြင့် ခလယ်လွီထူခရိုင်သည် ထိပ်ဆုံးမှ နေရာယူထားသည်။

ထိုသို့ ဖားအံခရိုင်မှလွဲ၍ ကျန်သည့်ကော်သူးလေနယ်မြေ ခရိုင်(၆)ခုတွင် စစ်အုပ်စု၏တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်တင်ဘာလကုန်အထိမှတ်တမ်းအရ စစ်ဘေးရှောင် စုစုပေါင်း(၁၁)သိန်းကျော်ရှိကြောင်းလည်း သိရသည်။

ယင်းကြောင့် နယ်စပ်ဖြတ်ကျော်အကူအညီများ စစ်ဘေးရှောင်များထံ တိုက်ရိုက်ရောက်ရှိရေး တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် ပံ့ပိုးကူညီရန်လိုအပ်သလို စစ်အုပ်စု၏အတုအယောင်ငြိမ်းချမ်းရေး တွင် မပါဝင်ဘဲ ဝင်ငွေအရင်းအမြစ်နှင့် လေယာဥ်ဆီ၊ စစ်လက်နက်အထောက်အပံ့များကို ပိတ်ဆို့အရေးယူရန် အာဆီယံနှင့်နိုင်ငံတကာအသိုင်းအဝိုင်းထံ KPSN က တောင်းဆိုထားသည်။