Home သတင်း အုန်းဖြန်ဒုက္ခသည်စခန်းတွင် ပိုင်ရှင်ရှိ ခွေးကို အသေရိုက်သတ်မှု အာဏာပိုင်များ ဖမ်းဆီးစစ်ဆေး

အုန်းဖြန်ဒုက္ခသည်စခန်းတွင် ပိုင်ရှင်ရှိ ခွေးကို အသေရိုက်သတ်မှု အာဏာပိုင်များ ဖမ်းဆီးစစ်ဆေး

19

အောက်တိုဘာ(၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖြန်ဒုက္ခသည်စခန်းအတွင်း ခွေးပေါက်လေး ၇ ကောင်၏ မိခင် “မိုဘို” အမည်ရှိ ခွေးမလေးကို အသေရိုက်၍သတ်ဖြတ်သူ (၅) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းနိုင်ငံ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေးအဖွဲ့(Watchdog Thailand Foundation -WDT) ထံမှ သိရသည်။

WTD ၏ထုတ်ပြန်ချက်နှင့် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းအရ အဆိုပါဖြစ်စဉ်သည် အောက်တိုဘာ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် အုန်းဖြန်ဒုက္ခသည်စခန်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူက ခွေးကို အစားအစာဖြင့် ဆွဲဆောင်ခေါ်ယူကာ သစ်သားတုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည်။

“သူ့ကိုရိုက်လို့ရိုက်သတ်မှန်းတောင် မသိရှာဘူး။ မုန့်လေးခေါ်ကျွေးတယ်ထင်ပြီး လာစားတဲ့အချိန်မှာ ရိုက်သတ်ကြတာ။ အိမ်ပိုင်ရှင်မရှိတဲ့အချိန်ဖြစ်သွားတာ” ဟု အုန်းဖြန်စခန်းနေ တိချစ်သူ(တိရစ္ဆာန်ချစ်သူ)က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခွေးပိုင်ရှင်မှ အဆိုပါတိချစ်သူမှတဆင့် အကူအညီတောင်းခံခဲ့ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အမှုတင်ပြနိုင်ခဲ့၍ ကျူးလွန်သူ(၅)ဦးကို ဖုတ်ဖရ ရဲစခန်းတွင် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ခွေးပိုင်ရှင်က “ကျုးလွန်တဲ့သူတွေကို ခြိမ်းခြောက်မှု၊ ငွေညစ်မှု၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ပိုင်ရှင်ရှိခွေးကို ခိုးယူလုယက်မှုနဲ့ အမှုဖွင့်ထားပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် WDT ၏ ထုတ်ပြန်ချက်တွင် မိုဘိုသည် လူတစ်ဦးကို ကိုက်ခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ခွေးပိုင်ရှင်ထံမှ ဘတ် ၉,၀၀၀ တောင်းခံခဲ့သော်လည်း ပိုင်ရှင်က ငွေမပေး၍ ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ခွေးမကလေး “မိုဘို” ရိုက်သတ်ခံရသည့်ဖြစ်စဥ်တွင် အသုံးပြုခဲ့ကြောင်းယူဆရသည့် သစ်သားတုတ်၊ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် မိုဘို၏ အကြွင်းအကျန်များအပါအဝင် သက်သေအထောက်အထားများအား အာဏာပိုင်များက စစ်ဆေးသိမ်းဆည်းထားသည်ဟုလည်း WDT က ဆိုသည်။

၎င်းတို့အနေဖြင့် ထိုလုပ်ရပ်အပေါ် အာဏာပိုင်များက အရေးယူပေးရန် တောင်းဆိုထားသလို အလားတူဖြစ်စဥ်များ ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ တိရစ္ဆာန်များအပေါ် နှိပ်စက်သတ်ဖြတ်သူများသည် ၂၀၁၄ ခုနှစ် တိရစ္ဆာန်များအပေါ် ကိုယ်ရောစိတ်ပါနာကျင်စေမှု တားဆီးရေးနှင့် တိရစ္ဆာန်သက်သာချောင်ချိရေး ထိုင်းဥပဒေအရ ထောင်ဒဏ် ၂ နှစ်အထိ၊ ငွေဒဏ် ဘတ် ၄၀,၀၀၀ အထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံး အရေးယူခံရနိုင်ခြင်းရှိသည်။