Home သတင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာကလေးငယ်(၇)ဦးကို အာဏာပိုင်များ ကယ်ဆယ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာကလေးငယ်(၇)ဦးကို အာဏာပိုင်များ ကယ်ဆယ်

22
Photo & Reference : The Nation Thailand

အောက်တိုဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိ ခရီးသွားစည်ကားရာနေရာများတွင် ပန်းရောင်းရန်ခိုင်းစေခံရသည့် မြန်မာပြည်သား ကလေးငယ် (၇) ဦးကို ထိုင်းအာဏာပိုင်များက ကယ်ဆယ်နိုင်ခဲ့ပြီး သံသယရှိသူ(၄)ဦးကို ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့၊ အောက်တိုဘာ(၁၃)ရက်နေ့က ထိုင်းသတင်းများအရ သိရသည်။

ထိုင်းအာဏာပိုင်များသည် မြန်မာကလေးများကို ဘန်ကောက်နှင့်အနီးဝန်းကျင်တွင် ပန်းအပြင် အစားအသောက်နှင့်အဖျော်ယမကာများ ရောင်းခိုင်းနေကြောင်းတိုင်ကြားချက်အရ ဘန်ကောက်မြို့ ဆဖန်ဆန်ခရိုင်၊ ရမ်ခမ်းဟဲင် လမ်းနံပါတ် ၁၂၂ ရှိ နေအိမ်တစ်လုံးသို့ ဝင်‌ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သံသယရှိတရားခံများက နှစ်လကျော်ကြာငှားရမ်းထားသည့် အဆိုပါနေအိမ်သို့ တာ့ခ်ခရိုင်၊ မဲဆောက်ရှိ တရားမဝင်နယ်စပ်ဖြတ်ကျော်လမ်းများမှတဆင့် ကလေးငယ်များကို ခေါ်ဆောင်လာခြင်းဖြစ်၍ ဘန်ကောက်တွင် နေ့လည်ပိုင်းမှ မနက်(၄)နာရီဝန်းကျင်အထိ ပန်းရောင်းခိုင်းခဲ့သည်ဟု အာဏာပိုင်များက ဆိုသည်။

ကလေးများကိုကယ်ဆယ်ပြီးနောက် ဒေသဆိုင်ရာရဲတပ်ဖွဲ့ရုံး၊ ဘန်ချန်း ရဲစခန်းသို့ ခေါ်ဆောင်လာကာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုပြုလုပ်နေပြီး ကာကွယ်ရေးနှင့် အလုပ်အကိုင်ဖွံ့ဖြိုးရေးစခန်းသို့ ဆက်လက်ပို့ဆောင်ရန်လည်း စီစဥ်ထားသည်။

Photo & Reference : The Nation Thailand

အဆိုပါဘန်ကောက်နေအိမ်မှ ထွက်ပြေးလွတ်မြောက်ခဲ့သည့် မြန်မာပြည်သားတစ်ဦး၏သတင်းပေးပို့ချက်နှင့် တိုင်ကြားချက်များအရ သံသယရှိသူများသည် ခရီးသွားစည်ကားရာအပြင် ဖျော်ဖြေရေးနေရာများတွင်ပါ ပန်းရောင်ရန်ခိုင်းစေခဲ့ပြီး ရိုက်နှက်မှု၊ အဓမ္မပြုကျင့်မှုများလည်း ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံနေရသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များဖမ်းဆီးထားသူ(၄)ဦးအနက် တစ်ဦးမှာ ပန်းရောင်ကတ်ကိုင်ဆောင်၍ တစ်ဦးက သုညဖြင့်စသည့် ဆယ်နှစ်ခံကတ်(တောင်ပေါ်သားကတ်) ကိုင်ဆောင်သူများဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။

ဆက်လက်၍ ၎င်းတို့၏ထွက်ဆိုချက်ဖြင့် အမှုဖြစ်စဥ်နှင့်ဆက်စပ်မှုရှိသည့် ရမ်ခမ်းဟဲင် ၁၂၀ လမ်းရှိ နေအိမ်သို့ အာဏာပိုင်များက ဆက်လက်စုံစမ်းခဲ့ရာ အိမ်ပိုင်ရှင်ပြောဆိုချက်အရ နေအိမ်တွင် မဲဆောက်မှလာနေသည့် လူငယ်(၅)ဦးရှိပြီး လိမ္မော်ရည်သာရောင်း၍ ပန်းရောင်းခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် နေအိမ်အတွင်းဝင်ရောက်စစ်ဆေးစဥ် လူငယ်များကိုတွေ့ရှိခဲ့ရသလို ၎င်းတို့၏ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကိုပါ အာဏာပိုင်များက ဆက်လက်စစ်ဆေးနေသည်ဟု ထိုင်းသတင်းများတွင် ဆိုသည်။