Home သတင်း စူပါအယ်နီညိုကြောင့် မြဝတီတောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေနှင့် ကျန်းမာရေးပြဿနာ စိုးရိမ်ရ

စူပါအယ်နီညိုကြောင့် မြဝတီတောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေနှင့် ကျန်းမာရေးပြဿနာ စိုးရိမ်ရ

18

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရှေ့ဆက် အပူချိန်ပိုမိုမြင့်တက်လာနိုင်သဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်နေရကြောင်း စစ်ရှောင်တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိနေ့အပူချိန်အရ စစ်ဘေးရှောင်များသည် တာလပတ်မိုးထားသည့် ယာယီတဲအိမ်များ၌ နေထိုင်ကြရသဖြင့် အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။ အပူချိန်ထပ်မံမြင့်တက်လာပါက သောက်သုံးရေရှားပါးမှုနှင့် နေထိုင်ရေးအခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်သည်ဟု တာဝန်ရှိသူများက ပြောသည်။

“ဒီထက် ပူလာရင်တော့ မြစ်ကမ်းဘေးနားတို့ အရိပ်ရှိတဲ့နေရာတို့မှာ ပြောင်းနေရမှာပေါ့။ တခြားနေရာတွေကတော့ သွားနေဖို့က ဘယ်နေရာမှမရှိဘူး။ အမိုးအကာတာလပတ်ရှိထားတဲ့ တဲတွေ၊ အိမ်တွေကတော့ အခုဆို ပူတာပေါ့နော်။ သစ်ရွက်ကျတဲ့အချိန်ကျရင်တော့ သက်ကယ်နဲ့ပြန်မိုးဖို့တော့ စီစဉ်နေတယ်” ဟု သေ့ဘောဘိုး စစ်ရှောင်စခန်းတာဝန်ခံ စောအယ်ဘလူထူးက ပြောသည်။

သို့သော် အပူပိုမိုမြင့်တက်လာသည့်အခါ နေထိုင်ရေးအခက်အခဲအပြင် အထူးသဖြင့် စစ်ရှောင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအခြေအနေကို ဂရုစိုက်နေရပြီး အချို့စခန်းများတွင် ဆေးဝါးများအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်ကျန်းမာရေးတာဝန်ခံ စောလားဝါးက “အခုလို နေပူတဲ့အချိန်မှာဆိုရင်တော့ ကျန်းမာရေးနဲ့ပတ်သက်ရင် အမြဲတမ်း အသင့်လုပ်ထားတယ်။ အပူချိန်ကြောင့် ရှော့ဖြစ်တာတို့၊ ကလေးနဲ့ လူကြီးတွေရှော့ဖြစ်ရင် အရေးပေါ်ဆေးဝါးတွေ၊ ချွေးထွက်များတာတို့၊ အားနည်းတာတို့အတွက် ဓာတ်ဆားမှုန့်တွေကို အဆင်သင့် လုံလုံလောက်လောက်ထားပါတယ်” ဟု ပြောသည်။

လက်ရှိတွင်လည်း စစ်ရှောင်စခန်းနေ ကလေးငယ်များ၌ အဖျားတက်ခြင်း၊ နှာစေးခြင်းနှင့် ချောင်းဆိုးခြင်းတို့ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုများက ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းဆိုင်ရာ ဝေဒနာများ စတင်ခံစားနေရခြင်းရှိသည်။

ထို့အပြင် ရေအရင်းအမြစ်များ ခန်းခြောက်လာနိုင်သည့် အခြေအနေများကြောင့် သောက်သုံးရေ ကြိုတင်စုဆောင်းထားရေး၊ ရေသန့်စင်ရေးကိရိယာများ ပြင်ဆင်ထားရေးနှင့် အပူဒဏ်သက်သာစေမည့် အမိုးအကာများ ရရှိရေးတို့သည် စစ်ရှောင်စခန်းများအတွက် အဓိကစိန်ခေါ်မှုများ ဖြစ်လာနိုင်ကြောင်း အတွေ့အကြုံရှိသူများက သတိပေးသည်။

တာဝန်ရှိသူများအနေဖြင့်လည်း အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို ကြိုတင်ခန့်မှန်းသုံးသပ်နေဆဲဖြစ်ပြီး လိုအပ်လာပါက ဒေသအတွင်း တာဝန်ရှိသူများနှင့် တိုင်ပင်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာကော်မတီ (CIDKP) ဒုတိယတာဝန်ခံ စောခဲလေက “ကျနော်တို့ ကြိုတင်ခန့်မှန်းတဲ့ အဆင့်မှာတော့ ရှိနေပါတယ်။ တကယ်လို့ဖြစ်လာရင်တော့ ဒေသအာဏာပိုင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဥပမာ အခု နေရာရွှေ့ပြောင်းဖို့သွားပြောရင် အခက်အခဲရှိမှာပဲ။ ဘယ်လို စီစဉ်ရမလဲဆိုတာကို ဆွေးနွေးရမယ်” ဟု ကေအိုင်စီကို ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ပညာရှင်များ၏ သတိပေးချက်များအရ အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် လာမည့် ၅ လအတွင်း မြန်မာနိုင်ငံတွင် နေ့အပူချိန်များ ပုံမှန်ထက် မြင့်တက်လာနိုင်ပြီး ဒေသအများအပြား၌ ရေရှားပါးမှုများ ကြုံတွေ့ရနိုင်သည်။

ပြီးခဲ့သည့်နွေရာသီတုန်းကလည်း အပူချိန်လွန်ကဲမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် မြဝတီတောင်ပိုင်းရှိစစ်ရှောင်များ အပူဒဏ်ပြင်းထန်စွာ ခံစားခဲ့ကြရသလို ကြိုတင်ကာကွယ်ရေးဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်ချက်ရှိခဲ့ကြောင်း သိရသည်။