Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC ဒုဥက္ကဋ္ဌ စောကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC ဒုဥက္ကဋ္ဌ စောကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

18

“ကျနော်တို့တွေလိုချင်တဲ့ အမျိုးသားရေးပန်းတိုင်တခုကတော့ လုံးဝဖျောက်လို့မရပါဘူး၊ ပန်းတိုင်ရောက်အောင် ကျနော်တို့သွားမှာပါ”

ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC ဒုဥက္ကဋ္ဌ စောကြည်လင်းနှင့် တွေ့ဆုံမေးမြန်းခြင်း။

စက်တင်ဘာ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက်ဟု ရည်ရွယ်ပြီး ကရင်လက်နက်ကိုင်(၃)ဖွဲ့၊ ကရင်နိုင်ငံရေးပါတီများနှင့် ဘာသာရေးခေါင်းဆောင်များ စုစည်းထားသည့် ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ-KNPC ကို ပြီးခဲ့သည့် ဧပြီ(၈)ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။
ယင်းကြောင့် KNPC ၏ ဖွဲ့စည်းပုံ၊ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များနှင့် ကရင်အစုအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတို့နှင့်ပတ်သက်၍ အဖွဲ့ ဒု-ဥက္ကဋ္ဌ စောကြည်လင်းကို ကေအိုင်စီက သီးသန့် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ကရင်အမျိုးသား ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (KNPC) ဖြစ်ပေါ်လာပုံကို အရင်ဆုံးပြောပြပေးပါလား။
ဖြေ။ KNPC အရင်စပေါ်လာတာက ဒုတိယအကြိမ်အစည်းအဝေးလုပ်တဲ့အချိန်တုန်းက နားလည်မှုလွဲပြီး Peace making မဟုတ်ဘဲ peace building ပုံစံမျိုးနဲ့သုံးတယ်။ Peace building ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ပုံစံမျိုးပေါ့၊ အဲဒီစကားလုံးကို ကျနော်တို့မသုံးခဲ့ဘူး။ ဒါပေမဲ့ မြန်မာလိုရေးထားတာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုပဲ။ ဖော်ဆောင်မှုသည် အင်္ဂလိပ်လို Peace making ပဲ။ သူတို့က Peace building(PB) လို့ ထည့်လိုက်တော့ PBC ဖြစ်လာတယ်။ နောက်ပိုင်း ကျနော်တို့ အစည်းအဝေးဆုံးဖြတ်ချက်မှာမှ KNPC ဆိုပြီး ဖြစ်လာတာ။

မေး။ ဘယ်တုန်းကစပြီး KNPC ဖြစ်လာဖို့ဆုံးဖြတ်ခဲ့တာလဲ သိပါရစေ။
ဖြေ။ ဒုတိယအကြိမ်အစည်းအဝေးမှာပါ။ ပထမအကြိမ်အစည်းအဝေးမှာ PBC ဖြစ်တယ်။ ဒုတိယအကြိမ် အစည်းအဝေးမှာကျတော့ ကျနော်တို့က စုဖွဲ့မှုကိုပြန်ချုပ်လိုက်တယ်။ အစတုန်းက စုဖွဲ့မှုက ဥက္ကဌကြီးတင် ဆယ်ယောက် ဆယ့်ငါးယောက်၊ အတွင်းရေးမှုးတင် ဆယ်ယောက် ဆယ့်ငါးယောက် ရှိတယ်။ အဲဒါကြောင့် ကျနော်တို့အဖွဲ့အစည်းကို ခပ်ကျဥ်းကျဥ်းနဲ့ တကယ့်အဖွဲ့အစည်းရဲ့ အနေအထားဖြစ်အောင် လုပ်ပေးတာဖြစ်တယ်။ အဲဒီကစပြီး နာမည်ကအစ logo ကအစ ပြန်လုပ်ဖို့ရှိတယ်။ မေလ (၈) ရက်ကစခဲ့တဲ့ ဒီအဖွဲ့အစည်းဟာ အခုဆိုရင် အစည်းအဝေးကြီးသုံးကြိမ်ပဲလုပ်ရသေးတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာ (၇) ရက်တုန်းက နောက်ဆုံးအကြိမ်အစည်းအဝေးပါ။

မေး။ KNPC ရဲ့ logo ရော၊ ပါဝင်တဲ့ဦးဆောင်ကော်မတီဝင်တွေအားလုံးကိုရော အသေးစိတ်ထုတ်ပြန်ဖို့ ရှိပါသလား။
ဖြေ။ တတိယအကြိမ်အစည်းအဝေးမှာ ပြောရေးဆိုခွင့်ရှိသူ ကျနော်ရယ်၊ ဗိုလ်မှူးစောကျော်ညွှန့်ရယ်၊ ဗိုလ်မှူးစောမောင်ဝင်းရယ် သုံးယောက်ထားထားတယ်။ မေးတာမြန်းတာတွေမှာ ပြောရေးဆိုခွင့်ရှိသူ၊ သတင်းနဲ့ပြန်ကြားရေးကော်မတီမှာ ကျနော်တို့ ဝင်ပါထားတာတွေရှိတယ်။ ကျနော်တို့ ကြေညာစရာတောင်မလိုပါဘူး၊ ဒီမှာရှိတဲ့ လူမှုကွန်ရက်တွေကနေတဆင့် အကုန်လုံးပြန့်နေပြီ။ ကျနော်တို့တောင်မလုပ်ရသေးဘူး၊ မနေ့ကတောင် သတင်းထွက်လာပြီ။ ပြီးတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းမှူးတို့၊ ဒုတိုင်းမှူးတို့နဲ့ ပူးပေါင်းပါဝင်တဲ့ ကရင်ပြည်နယ်ရဲ့အစိုးရဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ရှိပါတယ်။ အဲဒီကော်မတီနဲ့ ကျနော်တို့ကော်မတီတွေ့ပြီးတော့ ကျနော်တို့ရဲ့ ပြည်သူတွေအကျိုးအတွက် ဘယ်လို ငြိမ်းချမ်းရေးတည်ဆောက်ရမယ်ဆိုတာကို ဆွေးနွေးဖို့ရှိပါတယ်။

မေး။ KNPC နဲ့ပြည်နယ်စစ်အုပ်စု တွေ့ဆုံဖို့ဆိုတဲ့ အခင်းအကျင်းကိုလည်း နည်းနည်းပြောပြပေးပါဦး။ အခုပြည်နယ်အဆင့်ပေါ့။ နောက်တစ်ဆင့်မှာ ဘယ်လိုဆက်သွားမလဲ။
ဖြေ။ ပထမဦးဆုံး ပြည်နယ်အစိုးရနဲ့ပေါ့။ နောက်ပြီး ကျနော်တို့ ကရင်ဒေသအားလုံးကိုလွှမ်းခြုံနိုင်ဖို့ဆိုရင်တော့ ပြည်ထောင်စုအဆင့်ပေါ့။ ပြည်ထောင်စုအဆင့် ဆွေးနွေဖို့အတွက်ဆို သမ္မတကြီးကနေ ညှိနှိုင်းရေးကော်မတီရဲ့အကြံပေးအဖွဲ့တွေ၊ ဗိုလ်ချုပ်အောင်မင်းတို့အုပ်စုတွေနဲ့လည်း ကျနော်တို့ တွေ့ဖို့ရှိတယ်။ အဲဒီကနေတဆင့် NSPNC ရဲ့ဥက္ကဌတို့ အတွင်းရေးမှူးတို့ သူတို့ကော်မတီနဲ့ဆုံပြီးတော့ ကရင်အမျိုးသားရေးအတွက် ဘာတွေလုပ်ကိုင်သင့်သလဲဆိုတာ ဆွေးနွေးသွားဖို့ရှိတယ်။ ဒါကပြည်ထောင်စုအဆင့်ပေါ့။ အဲဒါပြီးသွားမှ activity(လုပ်ဆောင်ချက်)ပေါ့။ လက်ရှိကလည်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကော်မတီအနေနဲ့က ရှိသမျှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေကြပါတယ်။ ဒါပေမဲ့ အားလုံးတော့မပါဘူးပေါ့နော်။ တွေ့ဆုံတာက ဘယ်လိုသွားမလဲ ဆိုတဲ့ အဆင့်လောက်ပဲရှိပါသေးတယ်။ တကယ်တမ်း သူတင်ကိုယ်တင် သူလျှော့ကိုယ်လျှော့ အဲလိုပုံစံမျိုး အကြောင်းအရာတွေ ဆွေးနွေးတာမျိုးမရှိသေးဘူး။ အခုက ဆုံတာပဲရှိသေးတယ်။ ဆုံပြီးတော့ ပြောကြဆိုကြ ဘယ်လိုသွားရင်ကောင်းမလဲ ဘယ်လိုလမ်းကြောင်းနဲ့သွားရင်ကောင်းမလဲ ဒီတိုင်းပြည်အေးချမ်းအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ အဲဒါကိုစဉ်းစားနေတာဖြစ်တယ်။

မေး။ ကရင်ပြည်နယ်မှာ မိခင်ဖြစ်တဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ရှိတယ်။ သူတို့ပါလာဖို့အတွက်ကိုရော ဘာတွေစဉ်းစားထားလဲ။
ဖြေ။ ဒီမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေပဲပြောပြော နိုင်ငံရေးအဖွဲ့တွေပဲပြောပြော မိခင်အစည်းအရုံးရဲ့ အရိပ်အာဝါသအောက်မှာနေပြီးတော့ သွားလာခဲ့တာချည်းပဲ။ အတူတူ အလုပ်လုပ်ခဲ့တာချည်းပဲ။ မိခင်ကြီးရဲ့သဘောထား ဘယ်လိုရှိလဲဆိုတာကို ပြောနိုင်ဖို့အတွက် ကျနော်တို့ညှိနှိုင်းတယ်။ မိခင်အစည်းအရုံးကလည်း လူမှုကွန်ရက်ကနေတဆင့် ပြောတာရှိတယ်။ တချို့ ပြောရေးဆိုခွင့်ရှိသူတွေ‌ ပြောတာတွေ၊ ရေးတာတွေ၊ နောက်ပြီး ဥက္ကဌကြီးတို့ အထွေထွေအတွင်းရေးမှူးချုပ်တို့ ပြောတာတွေအားလုံး ကျနော်တို့မှာ data collection (အချက်အလက်စုဆောင်းထားခြင်း) ရှိပါတယ်။ သူတို့ရဲ့သဘောထားကဘယ်လိုရှိလဲဆိုတာ ပိုပြီးတော့သေသေချာချာဖြစ်အောင် မိခင်ကေအဲန်ယူနဲ့တွေ့ကိုတွေ့ရမယ်။ တွေ့ဖို့အတွက်ကိုလည်း ကျနော်တို့က အစီအစဉ်ဆွဲထားပြီးသားဖြစ်တယ်။ ဘယ်နေ့ဘယ်ရက် အခွင့်အလမ်းသာတဲ့အချိန်။ ကျနော်တို့ စကားပြောတဲ့အချိန်ကျရင် အဲဒီစကားတွေထွက်လာလိမ့်မယ်။

တကယ်တမ်းဖြစ်နေတာက ကေအဲန်ယူနဲ့ သူ့ရဲ့အဖွဲ့အစည်းတွေ ဖြစ်တဲ့ကိစ္စတွေကြောင့် ကျနော်တို့ ခုနက ပြောတဲ့ကိစ္စတွေထဲမှာပါပါတယ်။ လက်ရှိအချိန်က လက်ရှိအစိုးရအဖွဲ့နဲ့ ကျနော်တို့ ရန်ဖြစ်နေတဲ့အချိန်လည်းမဟုတ်ဘူး။ တကယ်ဖြစ်နေတာက မိခင်အစည်းအရုံးဖြစ်တဲ့အတွက်ကြောင့် သူတို့ သဘောထားဘယ်လိုရှိလဲ။ သဘောထားအမှန်ကို တိတိကျကျ သိသွားမယ်ဆိုရင် သူတို့ကို ကျနော်တို့ ဘယ်လိုညှိနှိုင်းရင်ကောင်းမလဲပေါ့။ စစ်ပွဲကြီးချုပ်ငြိမ်းဖို့ စစ်ပွဲကြီးတခုပျောက်သွားဖို့ အဲဒီလောက်အထိကတော့ ကျနော်တို့မရည်ရွယ်ဘူး၊ ရည်ရွယ်လို့လည်းမရဘူး။ ဖြစ်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ကြာ၊ ဟိုးအရင် လွတ်လပ်ရေးနဲ့အတူပေါ်လာခဲ့တဲ့ ဒီအခက်အခဲကြီးဟာ ကျနော်တို့ တနေ့တကြိမ် ပြောင်းရင်းပြောင်းရင်း သေတောင်သေသွားမယ် စစ်ပွဲချုပ်ငြိမ်းရေးဆိုတာမရှိဘူး။ စစ်ပွဲရပ်တန့်နိုင်ဖို့အနေအထားကတော့ လုပ်ထိုက်တဲ့အနေအထားဖြစ်လို့ ရပ်တန့်နိုင်မယ့်အခင်းအကျင်း ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာက မိခင်အဖွဲ့အစည်းကြီးနဲ့ ကျနော်တို့ ဆွေးနွေးသွားဖို့ရှိပါတယ်။

မေး။ ပြောသွားသလိုလုပ်ဆောင်မယ့်အပေါ်မှာ ကြုံလာရနိုင်မယ့် စိန်ခေါ်မှုတွေကရော ဘာတွေဖြစ်မလဲ။
ဖြေ။ စိန်ခေါ်မှုကတော့အများကြီးရှိမှာပါ။ ကျနော်တို့ကတော့ နိုင်ငံရေးစကားနဲ့ပြောရမယ်ဆိုရင် “လာရာမတူ လားရာမတူပေါ့” အရင်တုန်းကရှိခဲ့တဲ့ မိခင်အဖွဲ့အစည်းရဲ့သဘောထားကို နားလည်သင့်သလောက် နားလည်ပါတယ်။ သူလည်း အရင်တုန်းကငြိမ်းချမ်းရေးအတွက် အကြီးကျယ်စွမ်းစွမ်းတမံ လုပ်ဆောင် ခဲ့တဲ့အဖွဲ့စည်းတခုပဲ။ တနေ့နေ့တချိန်ချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ ဒါ Develop ဖြစ်သွားတဲ့ကိစ္စတွေ၊ ရပ်ဆိုင်းသွားတဲ့ကိစ္စတွေ ၊ တစ်ဆို့သွားတဲ့ကိစ္စတွေ၊ ဘာလို့တစ်ဆို့သွားခဲ့ရလဲ ဆိုတာကိုလည်း သဘောပေါက်မိသလောက်ပေါက်ပါတယ်။ အဲ့ဒီတစ်ဆို့တဲ့ကိစ္စကို ဟိုဖက်ကအဖွဲ့စည်းအနေနဲ့ ကျနော်တို့ ပြန်ပြီးတော့ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲပေါ့။

အရင်တုန်းက မတရားအသင်းကနေပြီးတော့ ပယ်ဖျက်ခံရတယ်။ အခုနောက်ပိုင်းကျတော့ မတရားအသင်းလို့ပြန်ကြေညာတယ်။ ဒါတွေကလည်း ကျနော်တို့ပြောသင့်ပြောထိုက်တဲ့ ကိစ္စတွေပေါ့နော်။ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် လျှော့သင့်လျှော့ထိုက်၊ လုပ်သင့်လုပ်ထိုက်တာတွေကို ကျနော်တို့လုပ်ဖို့လိုတယ်။ အဲ့ဒီအပိုင်းကိုလည်း ကျနော်တို့ပြောခွင့်ရတယ်ဆို ပြောမှာပဲ။ ကေအဲန်ယူနဲ့ကျနော်တို့ဆုံတဲ့အခါမှာ သူကတော့ သူတို့သွားနေတဲ့ မူဝါဒ၊ သဘောထား၊ သူသွားမယ့် ကရင်တွေရဲ့ရှေ့အနာဂါတ်ပန်းတိုင်၊ ကရင်အမျိုးသားရေးအပိုင်း ဘာတွေရှိမလဲဆိုတာ သူတို့ပြောကြမှာပဲ။ ကျနော်တို့ကလည်း အဲ့ဒီပန်းတိုင်ကို မမေ့ပျောက်ပါဘူး။ ဒါပေမဲ့ ဒီကြားကာလမှာရှိနေတဲ့ ခုလက်ရှိဖြစ်နေတဲ့အနေအထားမှာ စစ်ဘေးရှောင်နေရတဲ့ကျနော်တို့ရဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် လတ်တလော ဘယ်လိုပုံစံမျိုးနဲ့ဖြေရှင်းရင်ကောင်းမလဲဆိုတာက လက်ရှိလုပ်ငန်းတခုပဲလို့ ကျနော်မြင်တယ်။ ဒါကို ကျနော်တို့ဘယ်လိုပူပေါင်းဆောင်ရွက်ရင် ကောင်းမလဲဆိုတာကတော့ ညှိနှိုင်းရမယ့် အနေအထားရှိတာပေါ့နော်။

နိုင်ငံရေးဆိုတာကတော့ ဒီလိုပဲလုပ်ရတာပါပဲ ဆွဲဆန့်လို့ရပါတယ် ပြန်ကျုံ့လို့ရပါတယ်။ တခါလေကျတော့ အကြောင်းအမျိုးမျိုးကြောင့် လူထုကိုငဲ့ကွက်ပီးတော့ ကျနော်တို့ပြောရတာတွေရှိတယ်။ ကျနော်ကအဲ့လိုပြောတဲ့အခါကျတော့ ငြိမ်းချမ်းရေးလုပ်တဲ့သူဆိုတော့ ငြိမ်းချမ်းရေးသမားတွေကတော့ ဒီတိုင်းပဲ ပြောကြမှာဆိုပေမယ့် ကျနော်တို့ ခုနက မိခင်အစည်းအရုံးလိုပဲ ကရင်တမျိုးသားလုံးလိုချင်တဲ့ပန်းတိုင်ကို ဘယ်တော့မှမဖျောက်ဘူး။ အဲ့ဒါကတော့လာမှာပါ။ ဒါပေမဲ့ ဒီကြားကာလအတွင်းမှာ ဘယ်လိုပုံစံမျိုးနဲ့နေမယ်ဆိုရင် လူထုအတွက် ဘယ်လောက်သက်သာရာရမလဲဆိုတာကိုတော့ အဓိကထားပြီး လုပ်သင့်တဲ့မဟာဗျူဟာကြီးကတော့ရှိမယ်။ နည်းဗျူဟာတွေ ပြောင်းသင့်ရင်ပြောင်းမှာပေါ့။

ဘာလို့လဲဆိုတော့ ဒီကေအန်ယူမှာရှိနေတဲ့ လူပုဂ္ဂိုလ်တွေ ပုဂ္ဂိုလ်ရေးအားဖြင့် ကျနော်တို့ခင်ကြပါတယ်။ အားလုံးလည်း အလုပ်တူတူတွဲလုပ်ဖူးတဲ့သူတွေပဲ။ သူတို့သဘောထားဘယ်လိုရှိလဲ ဆိုတာ ကျနော်တို့အားလုံးသိပြီးသား။ အရင်တုန်းကလည်းဆုံခဲ့ဖူးတယ်။ တနေ့တချိန်ကျရင် ကျနော်တို့တွေလိုချင်တဲ့ အမျိုးသားရေးပန်းတိုင်တခုကတော့ လုံးဝဖျောက်လို့မရပါဘူး။ ပန်းတိုင်ရောက်အောင်တော့ ကျနော်တို့သွားမှာပါ။ ကြားထဲမှာခုနကဖြစ်ခဲ့တဲ့ မဟာဗျူဟာကြီးကတော့ ကောင်းပါတယ်။ မဟာဗျူဟာအနေထားကိုသွားမှာတော့ အမှန်ပဲ။ ဒါပေမဲ့ နည်းဗျူဟာအရ ဘယ်လိုလုပ်သင့်ကိုင်သင့်လဲဆိုတာကို တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်းလုပ်သွားမယ်ဆိုရင် အတိုင်းတာတစ်ခုတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။

မေး။ KNPC နဲ့ပတ်သက်ပြီးတော့ နောက်ဆုံးအနေနဲ့ မတူညီတဲ့အစုအဖွဲ့တွေ၊ တိမ်းရှောင်နေရတဲ့ ကရင်ပြည်သူတွေကို ဘာများသတင်းစကားပါးချင်လဲ။
ဖြေ။ မတူတဲ့အစုဖွဲ့ဆိုတာ ကေအဲန်ယူလည်းပါမှာပေါ့၊ တချို့အဖွဲ့တွေလည်း ရှိပါတယ်။ ခုနကလည်းကျနော်ပြောခဲ့ပြီးပြီ BGF(ကရင်နယ်ခြားစောင့်တပ်) ကနေ KNA (ကရင်အမျိုးသားတပ်မတော်) ပြောင်းတဲ့အခါမှာ BGF အတိုင်းပဲ နေခဲ့တဲ့လူရှိသလို ရှိတဲ့တပ်နယ်အရာရှိတွေကိုလည်း ကျနော်တို့ခေါင်းဆောင်တွေကနေ ပြန်ပြီးတော့စည်းရုံးရင် လွယ်မယ်ထင်တယ်။ အဲ့ဒါတွေဆွေးနွေးပြီးတော့ ဒီအဖွဲ့ထဲမှာပြန်လာပြီး ပူးပေါင်းဖို့အတွက် ကျနော်တို့ဆိုတာရှိတယ်။ ကျနော်တို့ DKBA(ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်) ပေါ့၊ သူတို့အုပ်စုလည်း ကျနော်တို့တိုင်းရင်းသားတွေပဲလေ ကျနော်တို့လို လက်နက်ကိုင်အဖွဲ့တွေပဲ။ တချိန်က ကျနော်တို့လက်တွဲခဲ့တဲ့သူတွေပဲ။ အဲ့ဒီလူတွေနဲ့လည်း ငြိမ်းချမ်းရေးအတွက်ဆိုရင် ဘယ်လိုလုပ်သင့်လဲဆိုတာ ပူးပေါင်းမှုရှိပါတယ်။

ကျနော်တို့အခုစုဖွဲ့မှုက ကရင်ပြည်နယ်ကို ကိုယ်စားပြုတယ်ဆိုပေမဲ့ ခုနကျနော်ပြောသလိုပဲ ကျနော်တို့ရဲ့ Region(တိုင်းဒေသကြီး)ပေါ့၊ အားလုံးပါဝင်နိုင်အောင် ကရင်အမျိုးသားတွေရှိတဲ့ဒေသအသီးသီးက ခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီးတော့ လုပ်သွားမှာဖြစ်တယ်။ အဲ့ဒါကြောင့် ဦးဆောင်ကော်မတီလို့ သတ်မှတ်တဲ့အထဲမှာ ကျနော်တို့အကန့်အသတ်မထားဘူး။ အခုလက်ရှိတော့ (၁၃) ဦးရှိတယ်။ တကယ်လို့ မိခင်အစည်းအရုံး(ကေအဲန်ယူ) ပါလာရင် ကျနော်တို့က ဦးဆောင်သူအနေနဲ့ပြန်ထည့်ရမယ်။ နောက် (၆)လ (၇)လလောက် အစည်းအဝေးလုပ်တဲ့အခါကျရင်တော့ အထက်မြန်မာပြည်ကိစ္စပါလာလိမ့်မယ်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကိစ္စ၊ ရန်ကုန်တိုင်းနဲ့ နယ်စပ်ဒေသတွေပါလာမယ်။ ပိုပြီးတော့ပါလာအောင် ကျနော်တို့လုပ်ဆောင်မှာဖြစ်တယ်။ ဒါမှလည်း တမျိုးသားလုံးဆိုတဲ့ ကရင်အမျိုးသားငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီက All-inclusive ဖြစ်မယ်လို့ ယုံကြည်ပါတယ်။