Home သတင်း ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်၊ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိ၊ ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုများ ဦးတည်လုပ်ဆောင်

ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် ကော့ကရိတ်၊ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိ၊ ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုများ ဦးတည်လုပ်ဆောင်

18
Photo: CJ (ပုံဟောင်း)

စက်တင်ဘာ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စု၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၂) နယ်မြေသို့ တော်လှန်ရေးပူးပေါင်းတပ်များက လက်နက်ကြီးနှင့်ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့အပြီး လတ်တလောတွင် စကခ-၁၂ က ကျေးရွာများဘက်သို့ ဦးတည်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကရင်စစ်ရေးသတင်းများအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၄) ရက်နေ့က စကခ (၁၂) အနီးရှိ အရံအမြှောက်တပ်ရင်းသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် စခက-၁၂ မှ ကော့ကရိတ်မြို့နယ်ထဲရှိ လောင်းကိုင်၊ ဖားကျ၊ ကိုးတိုင်၊ လှိုင်ကွယ် အစရှိသည့်ကျေးရွာများသို့ လက်နက်ကြီး ဦးတည်ပစ်ခတ်နေသည်ဟု ကော့ကရိတ်အခြေစိုက် တော်လှန်ရေးပူးပေါင်းအင်အားစု ဘက်က ပြောသည်။

“အဲဒီနေ့က အမြှောက်တပ်ထဲ ဒရုန်းနဲ့ ကြဲတာ ၄ ယောက် သေတယ်၊ ၅ ယောက်လောက်ဒဏ်ရာရတာ ဆေးတပ်နဲ့ တောင်ကလေးဘက်ကို သယ်ပို့တယ်။ သူတို့ ခံရတာနဲ့ လက်နက်ကြီးပြန်ပစ်တာ။ လောင်းကိုင်၊ ဖားကျဘက်တွေ ကျတယ်။ ကိုးတိုင်နဲ့ လှိုင်ကွယ်ဘက်ကိုလည်း ပစ်တယ်” ဟု အမည်မဖော်လိုသူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်ခြင်းမှာ KNLA မဟာမိတ်တပ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းရှိ ၎င်းတို့ စစ်အုပ်စုတပ်အခြေချနေရာများကို တိုက်ခိုက်လာနိုင်ရေး စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်ဟုလည်း တော်လှန်ရေးတပ်ဘက်က ယူဆနေသည်။

ယင်းအပြင် လက်ရှိအချိန်ထိလည်း နယ်မြေထဲ စကခ-၁၂ မှ နေ့စဉ် ကင်းထောက်ဒရုန်းများ ပျံသန်းထောက်လှမ်းနေကြောင်း သိရသည်။

တော်လှန်ရေးတပ်နှင့်နီးစပ်သည့် ကေအိုင်စီသတင်းအရင်းအမြစ်က “နေ့ရော ညရော ဂျက်ဖိုက်တာလည်း ပျံတယ်၊ Y-12 လည်း ပျံတယ်။ ပြီးရင် စကခ (၁၂) ထဲကနေ လက်နက်ကြီးနဲ့ နန်းရွှေမှုံရွာဘက်အထိ လှမ်းပစ်တယ်။ လေယာဉ်ကြဲတာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့ ကင်းထောက်ပျံပြီးရင် စိတ်မချရတော့ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် စက်တင်ဘာလဆန်းပိုင်းက စကခ-၁၂ နယ်မြေထဲ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအပြီး စစ်အုပ်စုသည် ယင်း‌ဌာနချုပ်နေရာ အပါအဝင် အရံတပ်ရင်းများတွင် ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းရှိသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

အလားတူ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ (၅၄၅)၊ (၅၃၆) ကျုံဒိုးတပ်နယ်နှင့် (၅၄၇)၊ (၅၄၈)၊ (၅၄၉) နဘူးတပ်နယ် တပ်ရင်းများဘက်တွင်လည်း စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ထားသလို ရံဖန်ရံခါ လက်နက်ကြီးများဖြင့် အနီးတဝိုက် ပစ်ခတ်ခြောက်လှန့်မှုများ ရှိနေကြောင်းလည်း သိရသည်။