စက်တင်ဘာ (၂ )ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း ပြည်နယ်စစ်အုပ်စု၏ အခြေခံပညာရေးအောက်တွင်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့တွင် ပိတ်ရက်မရှိ အချိန်ပိုခေါ်စာသင်ပေးပြီး အချိန်ပိုကြေး ကျပ်သောင်းဂဏန်းကောက်ခံမှုကြောင့် ကျောင်းသားမိဘအုပ်ထိန်းသူအချို့ စရိတ်စက အခက်တွေ့နေကြောင်း သိရသည်။
စာသင်နောက်ကျမှုကြောင့်ဟုဆိုကာ ကျောင်းဆရာ၊ ဆရာမများမှ အချိန်ပိုခေါ်စာသင်ပေးရာတွင် အလယ်တန်းအဆင့်ကျောင်းနေအရွယ်ကလေးအတွက် တစ်လလျှင် ၁၅,၀၀၀ ကျပ်၊ အထက်တန်းအဆင့်တွင် ကျပ် ၂၀,၀၀၀ မှ ၈၀,၀၀၀ အထိ ကောက်ခံနေခြင်းဖြစ်သည်။
ယင်းကြောင့် ကလေး တစ်ဦးထပ်ပိုရှိသော ကျောင်းသားမိဘများအတွက်မူ ငွေကြေးအခက်အခဲရှိနေသည်ဟု အုပ်ထိန်းသူများက ပြောသည်။
“ကျောင်းက ၃ နာရီခွဲ လွှတ်တာကို အချိန်ပိုဆိုပြီး ၅ နာရီအထိ ဆက်တက်ရတယ်။ အခုဆို ပိတ်ရက်နဲ့ ဥပုသ်နေ့တွေမှာပါ ဂီတအတန်း ဘင်ခရာသင်ဖို့ ဆိုပြီး မနားရဘဲ ခေါ်နေတယ်။ ကလေးတွေလည်း တစ်နေကုန် ကျောင်းမှာနေရတော့ မအီမသာဖြစ်တယ်။ ကျောင်းစရိတ်အပြင် အချိန်ပိုကြေးပါ ပေးနေရတော့ အဆင်မပြေဘူး” ဟု ကျောင်းသားနှစ်ဦး၏ဖခင်က ပြောသည်။
အချိန်ပိုစာသင်ကြားခြင်းကို ယခင်က အထက်တန်းတက်အဆင့်ကိုသာ ခေါ်ယူသင်ကြားလေ့ရှိသော်လည်း နောက်ပိုင်းတွင် ခြောက်တန်းအပါအဝင် အလယ်တန်းအဆင့်ထိ ခေါ်ယူသင်ကြားမှု ရှိလာခြင်း ဖြစ်သည်။ ထို့အပြင် အချိန်ပိုပျက်ကွက်သည့် ကျောင်းသားများကိုလည်း ဒဏ်ကြေးတောင်းခံခြင်းနှင့် ဆူပူပြောဆိုခြင်းများလည်း ရှိနေကြောင်း ကျောင်းသားများထံမှ သိရသည်။
လက်ရှိတွင် ပြည်နယ်စစ်အုပ်စုမှ မူလတန်းပြ ကျောင်းဆရာ/မတစ်ဦးလျှင် ကျပ် ၁၈၀,၀၀၀၊ အလယ်တန်းပြကို ကျပ် ၁၉၅,၀၀၀ နှင့် အထက်တန်းပြအတွက် ကျပ် ၂၁၁,၀၀၀ ဖြင့် ၁၆,၀၀၀ စီ အဆင့်လိုက် ကွာခြားကာ ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ နှင့်အတူ လခ ပေးထားခြင်းရှိသည်။
သို့ရာတွင် ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲကြောင့် လစာဖြင့်မလုံလောက်၍ ယခုလို အချိန်ပိုခေါ်ယူ သင်ကြားနေရခြင်းဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် အလယ်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။
၎င်းက “ကျောင်းအုပ်ကြီးက အောင်ချက်မြင့်မားရေးဆိုပြီး စိစစ်ခိုင်းတာ။ ကိုယ်တွေမှာလည်း ကုန်ဈေးနှုန်းတွေတက်တော့ အဆင်မပြေဘူး။ ကျောင်းအုပ်ကြီး ခိုင်းတော့လည်း အချိန်ပို မသင်ပေးရင် ကလေးအပေါ် စေတနာမရှိဘူးလို့ ပြောခံရသေးတယ်။ ကိုယ့်အိမ်မှာ မိသားစု နေမကောင်းဖြစ်တာတောင် အချိန်ပို မပျက်အောင် အချင်းချင်း အကူအညီတောင်းပြီး ဝင်ပေးနေရတယ်” ဟု ကေအိုင်စီကို ပြောသည်။
CDM လုပ်လာသည့် ပညာရေးအသိုင်းအဝိုင်းကမူ အစိုးရစာသင်ကျောင်းဆရာ/မ များအနေဖြင့် တရားဝင် အပြင်ကျူရှင်သင်ကြားခွင့်မရှိသည့်အခြေအနေတွင် အချိန်ပိုဟု အမည်တပ်ကာ မိဘများထံမှ ငွေကြေးကောက်ခံသည့် ပုံစံတစ်ခု ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။
CDM ကျောင်းအုပ်ဆရာက “တချို့ကျောင်းတွေမှာ အချိန်ပိုဆိုပြီး ကလေးတွေကို ခေါ်ထားပေမယ့် ထိထိရောက်ရောက် စာသင်ပေးတာမရှိဘဲ အချိန်ဖြုန်းတဲ့ အခြေအနေတွေလည်း ရှိတယ်။ တစ်ဖက်မှာလည်း ဆရာ၊ ဆရာမတွေကို အချိန်ပိုသင်ကြားဖို့ ဖိအားပေးပြီး တစ်ဖက်မှာ မိဘတွေဆီကနေ အချိန်ပိုကြေး ကောက်ခံနေတဲ့ ပုံစံဖြစ်လာတယ်” ဟု ၎င်း၏သိရှိချက်ကို ပြောပြသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု့ (ISP-Myanmar) နှင့် ကမ္ဘာ့ဘဏ်(World Bank) တို့၏ ၂၀၂၆ ခုနှစ် ပညာရေးဆိုင်ရာ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် စစ်ရေးအခြေအနေ၊ ဆင်းရဲနွမ်းပါးမှု၊ နေရပ်စွန့်ခွာရမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများကြောင့် အခြေခံပညာအရွယ် ကလေး ၆ သန်းကျော်မှာ ကျောင်းပြင်ပသို့ ရောက်ရှိနေကြောင်း သိရသည်။
ကျောင်းတက်ရောက်နေသည့် ကလေးများမှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ပညာရေးကုန်ကျစရိတ်များကြောင့် အခက်အခဲရှိနေသလို နိုင်ငံအတွင်း ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းရိုက်မှုမှ ကလေးငယ်များ ပညာသင်ကြားရေးအပေါ် ထိခိုက်မှု ဆက်လက်ရှိနေကြောင်း ဖော်ပြထားသည်။


















