Home သတင်း AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်စေးစေး ဆုရရှိ

AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ၂၀၂၆ ခုနှစ်အတွက် ရေမွန်မက်စေးစေး ဆုရရှိ

21
Photo: AAPP

ဩဂုတ် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် ရေမွန်မက်စေးစေးဆုဖောင်ဒေးရှင်းကပေးအပ်သည့် ၂၀၂၆ ခုနှစ်အတွက် Ramon Magsaysay Award ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ပူးတွဲတည်ထောင်သူ လက်ရှိတွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လက်ခံရရှိကြောင်း သိရသည်။

အာရှ၏နိုဘယ်လ်ဆု ဟုလည်း တင်စားခေါ်ဝေါ်ကြသည့် အဆိုပါဆုကို ငြိမ်းချမ်းရေးလှုပ်ရှားသူ စင်ကာပူနိုင်ငံမှ တော်မီခို၊ လူသားချင်းစာနာမှုအရေးဆောင်ရွက်သူ ဘင်္ဂလားဒေ့ရှ်မှ ရူနာခန်းတို့နှင့်အတူ နိုင်ငံရေးအကျဥ်းသားများအတွက် တက်ကြွလှုပ်ရှားသူအဖြစ် AAPP မှ ဦးဘိုကြည်အား ဖောင်ဒေးရှင်းက ဂုဏ်ပြုချီးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။

“ဦးဘိုကြည်ဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာ မှတ်တမ်းတင် ကမ္ဘာသိအောင်လုပ်ဆောင်တာ၊ သူတို့ရဲ့မိသားစုတွေကို ကူညီစောင့်ရှောက်ပေးတာ၊ အသံတိတ်ခံထားရသူတွေရဲ့ ပုံရိပ်တွေ ပျောက်ကွယ်မသွားစေဖို့ စွမ်းဆောင်ခဲ့တဲ့သူလည်းဖြစ်လို့ ဒီဆုကိုချီးမြှင့်တာပါ” ဟု ဆုကြေညာသည့်ရုပ်သံအတွင်း ဖောင်ဒေးရှင်းဥက္ကဌ က‌ ပြောသည်။

ဦးဘိုကြည်သည် ကောလိပ်ကျောင်းသားဘဝ၊ ၁၉၈၈ ခုနှစ်က ရှစ်လေးလုံးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးတက်ကြွလုပ်ဆောင်ခြင်းကြောင့် ၁၉၉၀ ခုနှစ်၊ မတ်လတွင် ဖမ်းဆီးထိန်းသိမ်းခံရရာမှ ထောင်ဒဏ် (၇) နှစ်ကျော် ကျခံခဲ့ရဖူးသူလည်း ဖြစ်သည်။

ထောင်မှလွတ်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က AAPP ကို စတင်တည်ထောင်စဥ် တွဲဖက်အဖြစ် ကူညီပါဝင်ပေးခဲ့ကြောင်းလည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ မှတ်တမ်းများအရ သိရသည်။

ဆုလက်ခံရရှိသူ ဦးဘိုကြည်က “ဒီဆုဟာ ကျနော်တစ်ဦးတည်းနဲ့ မဆိုင်ပါဘူး။ AAPP အဖွဲ့ဝင်များအားလုံးနဲ့ အထူးသဖြင့် လွန်ခဲ့တဲ့ ၂၆ နှစ်ကတည်းက အတူတကွ လက်တွဲလုပ်ဆောင်ခဲ့တဲ့ ပူးတွဲတည်ထောင်သူ ကိုတိတ်နိုင်တို့ မရှိရင် ဒီလိုဆုမျိုး ရရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒီဆုဟာ AAPP အဖွဲ့ဝင်များအားလုံးနဲ့ သက်ဆိုင်ပါတယ်” ဟု သူ၏ လှုမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြသည်။

၎င်းအနေဖြင့်လည်း မတရားမှုကို တွန်းလှန်တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၊ အထူးသဖြင့် ထောင်နံရံနောက်ကွယ်တွင် ကြံ့ကြံ့ခံရပ်တည်နေကြသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် ဆုလက်ခံရန်ရည်ရွယ်သည်ဟု ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး လက်တွဲညီညီလုပ်ဆောင်ကြပါက ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်ဟု ဦးဘိုကြည်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖြည့်စွက်ဖော်ပြသွားသည်။

ဦးဘိုကြည်သည် သူတပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကာကွယ်ရန်အတွက် အသက်ကို စွန့်လွှတ် စွန့်စားလုပ်ဆောင်ခဲ့ကြသည့် ရဲရင့်သောပုဂ္ဂိုလ်များကို ဂုဏ်ပြုသည့်အနေဖြင့် HRW ပေးအပ်သော ၂၀၀၉ ခုနှစ် Alison Des Forges Award ကိုလည်း ရရှိခဲ့ဖူးသေးသည်။