Home သတင်း ပုလောက စစ်ကြောင်းထိုးစစ်အုပ်စု အရပ်သား(၂)ဦးကို သတ်ဖြတ်ပြီး နေအိမ်(၉)လုံးကို မီးရှို့ဟု ကေအဲန်ယူဆို

ပုလောက စစ်ကြောင်းထိုးစစ်အုပ်စု အရပ်သား(၂)ဦးကို သတ်ဖြတ်ပြီး နေအိမ်(၉)လုံးကို မီးရှို့ဟု ကေအဲန်ယူဆို

10
Photo: KNU

စက်တင်ဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလော/လယ်မူလားမြို့နယ်တွင် ဩဂုတ်လ(၂၇)ရက်နေ့မှစတင် စစ်ကြောင်းထိုးလာသောစစ်အုပ်စုသည် ငါးရပ်အင်းကျေးရွာနေ အရပ်သား အမျိုးသား(၂)ဦးသတ်ဖြတ်ပြီး ပြည်သူပိုင်နေအိမ်(၉)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ-ဗဟို၏ ဩဂုတ်လ(၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုသည် ပုလောမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် မဇောကျေးရွာအုပ်စုထဲသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကြောင်းဝင်ရောက်စဥ် ငါးရပ်အင်းမှ အရပ်သား(၂)ဦးကို သတ်ဖြတ်ကာ တုံးဗြောနှင့် ရေခမ်းချောင်းကျေးရွာတို့မှ နေအိမ်စုစုပေါင်း(၉)လုံးကို ဩဂုတ်လ (၂၇)ရက်နှင့်(၂၈)ရက်နေ့ ဆက်တိုက် မီးရှို့ဖျက်ဆီးသွားသည်ဟု ကေအဲန်ယူက ဆိုသည်။

Photo: KNU

ထို့အပြင် ဇူလိုင်လပထမအပတ်ကလည်း စစ်အုပ်စုက ပုလောမြို့နယ်ထဲရှိ ကျေးရွာ(၂)ရွာသို့ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်အပြင် ဒေသခံပြောဆိုချက်ကို ကိုးကားထားသည့် ဒေသတွင်းသတင်းများအရ သိရသည်။

အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ရပ်အပါအဝင် လေယာဥ်၊ လက်နက်ကြီးနှင့် ဒရုန်းသုံးတိုက်ခိုက်မှုများဖြင့် စစ်အုပ်စုက နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများကို တိုက်ခိုက်နေပြီး အာဆီယံကချမှတ်ထားသည့် ဘုံသဘောတူညီချက်(၅)ရပ်ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ကေအဲန်ယူက ထောက်ပြသည်။

အလားတူ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း ပြီးခဲ့သည့် ဩဂုတ်လကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးလျက်ရှိရာ အရပ်သား လူငယ်တစ်ဦး စစ်အုပ်စု သတ်ဖြတ်ခံရပြီး နေအိမ်အချို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။