Home သတင်း ၄ ရက်အတွင်း ဘူးသိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာထက်မနည်း လက်နက်ကြီး အကြိမ်ရေ ၇၀ ကျော် ပစ်ခတ်ခံရ

၄ ရက်အတွင်း ဘူးသိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာထက်မနည်း လက်နက်ကြီး အကြိမ်ရေ ၇၀ ကျော် ပစ်ခတ်ခံရ

10
Photo: KNU

သြဂုတ်လ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ စောမူပလောကျေးရွာအုပ်စုရှိ ကျေးရွာများကို လေးရက်တာအတွင်း အာဏာသိမ်းစစ်အုပ်စုတပ်က လက်နက်ကြီး (၇၇) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မူတြော်ခရိုင်ထံမှ သိရသည်။

ဩဂုတ်လ (၁၈) ရက်မှ ( ၂၂) ရက်နေ့အထိ စစ်အုပ်စု လက်အောက်ခံစခန်းများဖြစ်သော ပိုခေးခို့၊ ဖါးဂေါ်ခို့၊ ဝကလေ့တူ့နှင့် ဖါးဂေါ်လိုးစခန်းတို့မှ လက်နက်ကြီး ၇၇ လုံးအထိ လေးရက်ဆက်တိုက် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထိုပစ်ခတ်မှုကြောင့် မို့လာခို့၊ ထို့ကိုပလော၊ ထို့ကိုထ၊ လိပွေခီး၊ ပလို့ဝေါခီး၊ ထို့ဒို့ပလော၊ ထီးချိမော်ခီး၊ လယ်ဒို့ထီနှင့် ဖောမူသိပလော ကျေးရွာရှိ အရပ်သား ပြည်သူများ၏ အလုပ်ခွင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယခုလို တိုက်ခိုက်မှု ဖြစ်စဉ်များမှာ သြဂုတ်လ ၁၈ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပိုခေးခို့၊ ဝကလေ့တူ့နှင့် ဖါးဂေါ်လိုးစခန်းတို့မှ အရပ်သားပြည်သူများကို ပစ်မှတ် ထားပြီး ၁၂၀ မမ လက်နက်ကြီး ၁၁ လုံး ပစ်ခတ်ခဲ့ရာ မို့လာခို့နှင့် ထို့ကိုပလောရွာဘက်သို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဩဂုတ် ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ ဖါးဂေါ်ခို့နှင့် ပိုခေးခို့စခန်းတို့မှ ၈၁ မမ လက်နက်ကြီး ၆၀ လုံးပစ်ခတ်ခဲ့ပြီး ထို့ကိုထ၊ လိပွေခီးနှင့် ပလို့ဝေါခီးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု မူတြော်ခရိုင်/တပ်မဟာ (၅) တာဝန်ရှိသူထံမှ သိရသည်။

အလားတူ ဩဂုတ်လ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ၃ ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပိုခေးခို့၊ ဝကလေ့တူ့နှင့် ဖါးဂေါ်လိုးစခန်းတို့မှ စစ်အုပ်စုတပ်က အရပ်သားများကို ပစ်မှတ်ထားပြီး၁၂၀ မမ လက်နက်ကြီး ၆ လုံး ထို့ဒို့ပလော၊ ထီးချိမော်ခီး၊ လယ်ဒို့ထီနှင့် ဖောမူသိပလောရွာဘက်သို့ ထပ်မံ ပစ်ခတ်ခဲ့သည်။

Photo: KNU

” အခုလို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်တာက ရွာတွေကို တစ်ရွာလုံးကြေမွသွားအောင် လုပ်နေတာနဲ့တူတယ်၊၊ လက်နက်ကြီးတွေကလည်း ရွာသားတွေ အလုပ်လုပ်နေတဲ့ အလုပ်ခွင်တွေထဲမှာ ကျရောက်တာတွေရှိတယ်။ စစ်အုပ်စုဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဒေသခံရွာသားတွေကို နေ့တိုင်းလိုလို ပစ်ခတ်နေတယ်” ဟု မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က ကေအိုင်စီသို့ ပြောသည်။

ယင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်မရှိ၊ တိုက်ပွဲလည်းမဖြစ်သည့်ကျေးရွာနေလူထုများမှာ အသက်မွေးဝမ်းကျောင်း ကောင်းစွာမလုပ်နိုင်ဘဲ ထိတ်လန့်စိုးရိမ်နေရသည်ဟု ပဒိုစောထို့ရော်ဘင်က ဆက်ပြောသည်။

“လက်နက်ကြီးအန္တရာယ်နဲ့ ကြုံနေရတဲ့ ရွာသားတွေအနေနဲ့လည်း အခုဆိုရင် အလုပ်ခွင်ထဲဆင်းဖို့ ပိုပြီးကြောက်လာကြတယ်။ စစ်အုပ်စုဘက်က ဒေသခံရွာသားတွေကို ရန်သူလို သဘောထားပြီး လိုက်လံတိုက်ခိုက်နေတာ” ဟု မူတြော်ခရိုင် ပြောခွင့်ရသူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်(၅)ရက်နှင့်(၆)ရက်နေ့ တွင်လည်း စစ်အုပ်စု၏ လေယာဥ်နှင့်လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ဒေသခံအမျိုးသမီး(၁)ဦး သေဆုံး၊ (၃)ဦးဒဏ်ရာရခဲ့ပြီး ဘာသာရေးအဆောက်အအုံ အပါအဝင် နေအိမ်(၄၀) ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

နယ်မြေထိန်းချုပ်ရန် မူတြော်ခရိုင်/တပ်မဟာ(၅)နယ်မြေကို စစ်ကြောင်းချီလာသော စစ်အုပ်စုသည် လမ်းတစ်လျှောက်ရှိ ရွာသားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်။ ထို့ကြောင့် လက်ရှိတွင် ဒေသခံ(၁၀,၀၀၀) နီးပါး ဘေးလွတ်ရာသို့စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်းလည်း နယ်မြေသတင်းအရင်းအမြစ်များအရ သိရသည်။