ဩဂုတ် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့(ဩဂုတ် ၂၃ ရက်)တွင် ကျင်းပသည့် ကရင်လက်ချည်ဖြူဖွဲ့ပွဲအခမ်းအနားကို ထိုင်းအာဏာပိုင်များအပါအဝင် ဘန်ကောက်ရောက် ကရင်အသိုင်းအဝိုင်းမှ လူကြီး၊ လူငယ် စုစုပေါင်း လူဦးရေ (၃,၀၀၀) ထက်မနည်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) က ကြီးမှူးပြီး ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်အတွက် (၃၄)ကြိမ်မြောက်ကျင်းပသည့် ကရင်လက်ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီဝန်းကျင်တွင် ဘန်ကောက်မြို့ရှိ ဝပ်ဒုံမိုင်းဘုန်းကြီးကျောင်း၌ အစီအစဥ်(၂)ရပ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ကရင်လူမျိုးတစ်မျိုးသားလုံးညီညွှတ်ဖို့နဲ့ပြန်ဆုံဖို့အတွက် ဒီလက်ချည်ပွဲကိုလုပ်တာဖြစ်ပြီး ကျနော်တို့ အဘိုးအဘွားတွေရဲ့ရိုးရာဓလေ့တွေ မမေ့ပျောက်သွားအောင် လူငယ်တွေကိုလက်ဆင့်ကမ်းပြီး လုပ်ဆောင်တာလည်း ဖြစ်ပါတယ်“ ဟု ပွဲကျင်းပရေးကော်မတီ ဥက္ကဌ စောပလေ့ က ပြောသည်။
အစီအစဥ်အရ ဖားစည်တီး၊ ကျွဲချိုမှုတ်ခြင်းဖြင့် လက်ချည်ပွဲအခမ်းအနား စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းရှေ့နေ့များကောင်စီ အဂျန်စဖလွန်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထိုင်းနိုင်ငံ ကရင်ဝန်ကြီး စောမနွန်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်၊ အလုပ်သမားရေးရာဝန်ကြီး စသည့် တက်ရောက်လာသော တာဝန်ရှိသူများကလည်း ကရင်လက်ချည်ပွဲအမှတ်တရ အမှာစကားများ ဆက်လက်ပြောဆိုခဲ့ကြသည်။
ထို့အပြင် အခမ်းအနားတွင် ကရင်လက်ချည်ဖြူဖွဲ့ပွဲဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောဆိုခြင်း၊ ကရင်လူငယ်၊ မောင်မယ်များက ယဥ်ကျေးမှုဒုံးအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း အစီအစဥ်တို့ကိုလည်း ထည့်သွင်းကျင်းပသွားသည်။

အခမ်းအနားသို့တက်ရောက်လာသည့် နန်းထက်စံက “ကျမအနေနဲ့ကတော့ ကရင်လက်ချည်ပွဲဆိုတာ ကရင်လူမျိုးတွေစည်းစည်းလုံးလုံးရှိဖို့၊ လူကြီးတွေကနေလူငယ်တွေကို ကံကောင်းခြင်း၊ ငြိမ်းချမ်းခြင်းတွေခေါ်ဆောင်လာပေးဖို့လုပ်တဲ့ပွဲလို့ နားလည်ထားပါတယ်” ဟု ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ လက်ချည်ပွဲဖြစ်မြောက်ရေးတွင် ပါဝင်ကြသည့် OKRSO ၏ခေါင်းဆောင်များ၊ ကရင်ယဥ်ကျေးမှုနှင့်အနုပညာအစည်းအရုံး(KCO) ကရင်ပြည်နယ်၏တာဝန်ရှိသူတို့မှလည်း အမှတ်တရစကားအသီးသီး ပြောကြားခဲ့ပြီး နောက်ဆုံးအစီအစဥ်အရ “အှ်ဃှူ့အှ်ဃှင်” သီချင်းသီဆို၍ အခမ်းအနားပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
ရှေးယခင် ကရင်လူမျိုးတို့၏ဘိုးဘွားစဉ်ဆက်က ယုံကြည်မှုနှင့်ရိုးရာဓလေ့ထုံးတမ်းအရ ဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် ကွဲကွာနေသော မျိုးနွယ်စုများ ပြန်လည်ဆုံဆည်းစေရန် ကရင်လက်ချည်ဖြူဖွဲ့ပွဲတော်များ ဝါခေါင်လရောက်တိုင်းကျင်းပပြုလုပ်ကြပြီး ယနေ့အချိန်ထိ လက်ဆင့်ကမ်းလာသည်။
မိုးသည်းထန်ပြီး ရောဂါဘယ ထူပြောသော ဝါခေါင်လတွင် အသက်ရှည်ကျန်းမာစေရန် ရည်ရွယ်၍ အဓိပ္ပါယ်တစ်မျိုးစီရှိသည့် ပစ္စည်း(၇)မျိုး ပါဝင်မှုဖြင့် ချစ်ခင်ရသူများ၏ လက်ကောက်ဝတ်တွင် ကြိုးချည်ဖွဲ့သည်။ ထို့ပြင် ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် အရေးပါသော သင်္ကေတတစ်ခုအဖြစ်လည်း လက်ချည်ပွဲကို သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။



















