Home သတင်း မဲဆောက်ဒေသ ကရင်တိုင်းရင်းသားများ စုပေါင်းဝါခေါင်လလက်ချည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မဲဆောက်ဒေသ ကရင်တိုင်းရင်းသားများ စုပေါင်းဝါခေါင်လလက်ချည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

9

ဩဂုတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်(၈)ရှိ ခြေတော်ရာ သင်္ဘောဦးဆိပ်တောရကျောင်း၌ ယနေ့ (ဩဂုတ် ၂၃ ရက်)တွင် ကျင်းပသည့် မဲဆောက်ဒေသရောက် ကရင်တိုင်းရင်းသားများ၏ စုပေါင်း ရိုးရာလက်ချည်ပွဲသို့ ပရိသတ် ထောင်နှင့်ချီ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ ကရင့်ရိုးရာ လက်ချည်ပွဲ အခမ်းအနားသို့ မဲဆောက်ဒေသရှိ အလွှာစုံ ကရင်တိုင်းရင်းသားများအပြင် ဒေသဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် မဲဆောက်မြို့နယ်မှူး အပါအဝင် ဒေသန္တရ ထိုင်းအာဏာပိုင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက် ၆ နာရီကျော်တွင် စတင်သည့် ပထမပိုင်း အစီအစဉ်တွင် လိပ်ပြာခေါ် ချီတက်ခြင်း၊ ဖားစည်တီး၍ ပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ခြေတော်ရာ သင်္ဘောဦးဆိပ် ဆရာတော် ဦးကေသဝ၊ မဲဆောက်မြို့နယ်မှူးနှင့် KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာနှင့် အခြားသဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ဒုတိယပိုင်း အစီအစဉ်အနေဖြင့် တက်ရောက်လာသော ဒေသအသီးသီးမှ ကရင်တိုင်းရင်းသားများအား ရိုးရာ ချည်ဖြူဖွဲ့ပေးခြင်း အစီအစဉ်ကို ဆက်လက်ဆင်နွှဲကြပြီး ရိုးရာဒုံးအကများ၊ ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို မွန်းလွဲ ၁၂ နာရီကျော်တွင် ရုပ်သိမ်းခဲ့သည်။

ယမန်နေ့ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းတွင် ကရင်ရိုးရာ ဒုံးအက၊ ထိုင်းရိုးရာ အက နှင့် ကရင်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

ဝါခေါင်လဆန်းပိုင်းမှ စတင်၍ ဒေသအသီးသီးရှိ ကရင်လူမျိုးများနှင့် ပြည်ပရောက် ကရင်အမျိုးသားများသည် စုပေါင်း ရိုးရာလက်ချည်ပွဲများကို နည်းလမ်းမျိုးစုံဖြင့် ကြိုတင်ကျင်းပလေ့ရှိကြသည်။ ဝါခေါင်လပြည့်နေ့တွင် အဓိကထား ကျင်းပကြသော်လည်း ဝါခေါင်လ တစ်လလုံးအတွင်း အဆင်ပြေသည့်ရက်များ၌ ကျင်းပနိုင်ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် သက်ကြီးရွယ်အို ဖိုးဖွား မိဘများက လူငယ်အမျိုးသမီး၊ အမျိုးသားများကို လိပ်ပြာခေါ်ပေးပြီး ဆန်ကောထဲတွင် ပါဝင်ပစ္စည်း (၇) မျိုးဖြစ်သည့် ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ချည်ဖြူ၊ နတ်ပန်းညိုနှင့် ရေတစ်ခွက်တို့ကို ထည့်သွင်းကာ ချည်ဖြူထုံးဖွဲ့ လက်ချည်ပေးကြခြင်းဖြစ်သည်။ အဆိုပါ ပါဝင်သော ပစ္စည်းများသည် အနက်အဓိပ္ပယ် တစ်မျိုးစီ ဖွင့်ဆိုထားသည်။