Home သတင်း ICJ တရားရုံး ကြားနာပွဲတွင် IIMM ပေးပို့သည့် ထွက်ဆိုချက်နှင့် ဂြိုဟ်တုဓာတ်ပုံ အမြောက်အမြား အဓိက သက်သေအဖြစ် ကိုးကား

ICJ တရားရုံး ကြားနာပွဲတွင် IIMM ပေးပို့သည့် ထွက်ဆိုချက်နှင့် ဂြိုဟ်တုဓာတ်ပုံ အမြောက်အမြား အဓိက သက်သေအဖြစ် ကိုးကား

15
Photo crd- UN News, Getty Image

ဩဂုတ် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာစစ်အုပ်စုအကြား ပြုလုပ်ခဲ့သည့် ကြားနာပွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပေးပို့သည့် သက်သေထွက်ဆိုချက်များ နှင့် ဂြိုဟ်တုဓာတ်ပုံများကို အဓိကသက်သေအဖြစ် ကိုးကား အသုံးပြုခဲ့ရသည်ဟု IIMM ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာက ဖော်ပြသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ တစ်နှစ်တာ IIMM ၏ အစီရင်ခံစာအသစ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ICJ လူထုကြားနာပွဲ၌ အဆိုပါအထောက်အထားများကို နှစ်ဖက်နိုင်ငံထံပေးအပ်ခဲ့သည်ဟု ဆိုသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် စစ်ရာဇဝတ်မှုများနှင့်သက်ဆိုင်ရာ သက်သေအထောက်အထား ပမာဏ ၂၈ သန်းကျော်ကို အချက်အလက်ပေးသူ ၁,၆၀၀ ကျော်ထံမှ IIMM က စနစ်တကျ စုဆောင်းရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ICJ ကြားနာပွဲအတွက် အစီရင်ခံစာ ၉ စောင်၊ သက်သေထွက်ဆိုချက် ၄၀ ပါဝင်သော ခိုင်လုံသည့် သက်သေအထောက်အထားအများအပြားကို ပံ့ပိုးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

“အာဂျင်တီးနားမှာ တရားသူကြီးက သံသဃရှိသူ(၂၅)ဦးကို ဆင့်ခေါ်တဲ့လုပ်ငန်းစဥ်၊ ဇန်နဝါရီတုန်းက ICJ မှာ လုပ်သွားတဲ့ ကြားနာစစ်ဆေးမှုတို့ဆိုရင် ကျနော်တို့စုဆောင်းချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးသွားကြတာ။ အဲဒီအတွက် ဝမ်းသာပေမယ့် ဒီထက်ပိုပြီး သုံးလို့ရမယ့်အနေအထားမျိုးဖြစ်စေချင်တယ်။” ဟု ဩဂုတ်လ(၁၁)ရက်နေ့ကပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက်ပွဲတွင် IIMM အကြီးအကဲက ပြောသည်။

IIMM ၏ အစီရင်ခံစာ ၉ စောင်တွင် ဘူးသီးတောင်အကျဉ်းထောင်၌ ရိုဟင်ဂျာများအား စနစ်တကျ ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းမှု၊ စစ်အုပ်စုက လူမှုကွန်ရက်စာမျက်နှာများပေါ်၌ အမုန်းစကားများ စနစ်တကျဖြန့်ဝေခဲ့မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့မှု စသည်တို့ ပါဝင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။

Photo crd- UN News, Getty Image

IIMM က အထောက်အထားများကို ICJ တရားရုံးသို့ ပေးအပ်ရာတွင် အချက်အလက်ပေးသူများ၏ နားလည်သဘောတူညီမှု ရယူခြင်းနှင့်အတူ လုံခြုံရေးထိခိုက်နိုင်မှုအန္တရာယ်အရ ကိုယ်ရေးအချက်အလက် ကြိုတင်ဖယ်ရှားခြင်းကိုလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် မြန်မာပြည်တွင် ပြည်သူလူထုအကြမ်းဖက်ခံရမှုများမှာ လျော့ကျမသွားဘဲ ပိုမိုတိုးမြှင့်လာသည့် အနေအထားရှိကြောင်း IIMM ၏ အစီရင်ခံစာမိတ်ဆက်ရှင်းလင်းချက်အရ သိရသည်။

IIMM အကြီးအကဲက “သက်ရောက်မှုနဲ့ပတ်သက်လို့ အကြမ်းဖက်မှုတွေကတော့ လျော့သွားတာမရှိဘူး။ ပိုပြီးတော့တောင် ခပ်စိတ်စိတ်ဖြစ်နေတယ် သက်သေရှိပေမယ့်လည်း အကြမ်းဖက်မှုတွေကတော့ တိုးလာတဲ့အနေအထားပေါ့” ဟု ကေအိုင်စီ၏မေးမြန်းချက်ကို ဖြေကြားထားသည်။

အစီရင်ခံစာအရ စစ်အုပ်စုက လေကြောင်းနှင့်လက်နက်ကြီးဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသလို ပါရာမော်တာ စနစ်များ သုံး၍ အသံမကြားရအောင် အင်ဂျင်ပိတ် ဗုံးကြဲခြင်း၊ ကယ်ဆယ်ရေးလုပ်သူနှင့် ဒဏ်ရာရသူများကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်သည့် Double Tap နည်းလမ်းများဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လာခြင်းဖြစ်သည်။

Photo crd- UN News, Getty Image

ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် စစ်အုပ်စု၏ ဖမ်းဆီးခံရသူ (၃၀,၈၇၀) ဦးခန့်ရှိပြီး (၂၂,၁၃၀) ဦးမှာ ယနေ့ထိ အကျဉ်းချခံနေရဆဲဖြစ်၍ ၎င်းတို့အထဲတွင် အသက်မပြည့်သေးသူ (၆၃၉) ဦး ပါဝင်နေသည်။

ဖမ်းဆီးထိန်းသိမ်းစဉ် ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ရဲစခန်းများနှင့် စစ်ဆေးရေးစခန်းများတွင် စနစ်တကျ ကျူးလွန်ခံရမှုများ ဖြစ်ပွားနေသလို ကျန်းမာရေးစောင့်ရှောက်မှုမရှိသဖြင့် အကျဉ်းထောင်အတွင်း ကလေးမွေးဖွားပြီး သေဆုံးမှုများလည်း ရှိသည်ဟု IIMM ၏ အစီရင်ခံစာက ဆိုသည်။

သို့ရာတွင် ICJ ၏ နောက်ဆုံးစီရင်ချက်ကို မကြာမီ ချမှတ်ဖွယ်ရာရှိနေပြီး ယင်းကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုကို ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အရေးပါသောသက်ရောက်မှုများ ရှိလာမည်ဟု IIMM က မျှော်လင့်နေသည်။

IIMM သည် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားစွဲဆို အရေးယူနိုင်ရေးအတွက် စုဆောင်း၊ မှတ်တမ်းတင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့အစည်း ဖြစ်သည်။