Home သတင်း မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်၊ ယာဉ်မောင်း သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်၊ ယာဉ်မောင်း သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

12
Photo: CJ

သြဂုတ် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်းနေရာတွင် ယနေ့ နံနက် ၈ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့်က ကုန်စိမ်းများ တင်ဆောင်လာသည့် ခြောက်ဘီးယာဥ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ (၃) ဦး အနက် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကုန်စိမ်းများ အပြည့်တင်ဆောင်လာသည့် အဆိုပါ ယာဥ်သည် မြဝတီမြို့ဘက်သို့ မောင်းနှင်လာစဥ် မိုးရွာသွန်းမှုကြောင့် လမ်းချော်နေပြီး ကွမ်းခြံကုန်းအဆင်း ဘုရားအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးအနက် ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့၍ မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ ဖြစ်တာပါ။ မိုးကလည်း ရွာနေတော့ လမ်းကလည်း ချော်နေတယ်။ ကုန်ဝိတ်ကလည်း အပြည့်ပါလာတော့ ကွမ်းခြံကုန်း အဆင်းမှာ ဘရိတ်မမိဘဲ မှောက်သွားတာ။ ကားသမားကတော့ အဲ့နေရာမှာပဲ သေဆုံးသွားတယ်။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်ကတော့ အရေးပေါ် အနီရောင်အဆင့် ပြင်းထန်ဒဏ်ရာတွေ ရထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ထိုသို့ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရ သူများကို မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ပြင်းထန်ဒဏ်ရာရသူ နှစ်ဦးကိုလည်း မြဝတီဆေးရုံမှတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်ပြည်သူ့ ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနိုင်ရန် လူမှုကယ်ဆယ်ရေးအသင်းက ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် နေရာသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဗဟို) ၏ ဦးဆောင်မှုဖြင့် အလင်းသစ်ကယ်ဆယ်ရေးအဖွဲ့အပြင် M Rescue နှင့် မြေနီကုန်း ကယ်ဆယ်ရေးအဖွဲ့တို့ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ နေရာသည် ယခင်က ဇာတ်ပွဲကားများ၊ ခရီးသည်တင်ယာဉ်များနှင့် အသီးအနှံတင် ကုန်တင်ယာဉ်များ မကြာခဏ တိမ်းမှောက်မှု ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။