Home ဆောင်းပါး စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ

စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ

360

စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သော ပြည်သူ့အာဏာ

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်)

နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့ကို ကမ္ဘာ့ဒုက္ခသည်များနေ့အဖြစ် သတ်မှတ်ထားပါတယ်။
တကယ်တော့ ကမ္ဘာနဲ့အဝန်း ဒုက္ခသည်လို့ ရည်ညွှန်း သတ်မှတ်ခံကြရသူတွေဟာ သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခဆိုတဲ့အရာတွေကို သူတို့ကိုယ်တိုင်ဖန်တီးတာ သူတို့ကိုယ်တိုင် ဖိတ်ခေါ်ထားတာတော့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ ဖက်ပြိုင်ကြရင်းနဲ့ ပေါ်ပေါက်လာရတဲ့ သွေးထွက်သံယို ပဋိပက္ခတွေအကြားကနေ ဘေးအန္တရာယ်အမျိုးမျိုးကြားကနေ လွတ်ရာကင်းရာ နေရာဒေသတစ်ခုခု သို့ ခြေဦးတည် ထွက်ပြေးကြရသူတွေဖြစ်ပါတယ်။ ဘယ်အထိပြေးကြရသလဲဆိုရင် တောင်တန်းကြီးတွေ တောအုပ် ကြီးတွေ၊ ပင်လယ်ကြီးတွေကိုပါ ဖြတ်ကျော်ထွက်ပေးကြရတာပါ။ အဲဒီလို ထွက်ပြေးကြရတဲ့ လမ်းခရီးမှာ အစာရေစာ ငတ်မွတ်လို့ ကူးစက်ရောဂါတစ်ခုခုဖြစ်ပွားလို့ သို့တည်းမဟုတ် ဝန်နဲ့အားမမျှလို့ လှေပျက်လို့ မုန်တိုင်းမိလို့ အစုလိုက် အပြုံလိုက် သေဆုံးကြရတဲ့ ဖြစ်ရပ်တွေလည်း ဒုနဲ့ဒေးဖြစ်ပါတယ်။

အဲဒီလို ထွက်ပြေးကြရသူတွေထဲမှာ သက်ကြီးရွယ်အို၊ မွေးကင်းစ၊ ကိုယ်ဝန်ဆောင်၊ ဒုက္ခိတ ကျောင်းနေအ ရွယ် စသဖြင့် အသက်အရွယ်အမျိုးမျိုး၊ အသက်မွေးဝမ်း ကျောင်းအလုပ်အကိုင်လုပ်ကြသူအမျိုးမျိုး စသဖြင့် ပါဝင်ပါ တယ်။ အကြောင်းအမျိုးမျိုးကြောင့် လွတ်အောင် ထွက်မပြေးနိုင်သူတွေကတော့ အသက် သို့မဟုတ် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခု ပေးလိုက်ရတတ်ပါတယ်။ ဒါမှမဟုတ်လည်း မုဒိမ်းမှု အပါအဝင် လူမဆန်တဲ့ ညှင်းပမ်းနှိပ်စက်မှု တွေကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလို ဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အရွယ်စုံ မိန်းမသားတွေနဲ့ ကလေး ငယ်တွေဟာ အထိခိုက်အနစ်နာရဆုံးအမျိုးအစား ဖြစ်ပါတယ်။ အိမ်ခြံမြေ အစရှိတဲ့ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် ရွှေ့ပြောင်းလို့မရနိုင်သော ပိုင်ဆိုင်မှုမှန်သမျှ လုယက် ဖျက်ဆီးခြင်း သို့မဟုတ် အဓမ္မ သိမ်းယူခြင်းခံရတတ်ပါတယ်။

ဒီလို ပဋိပက္ခတွေထဲမှာ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကတော့ ပိုမိုပြင်းထန်ပြီး လူမဆန်မှုကြီးတွေကို ချောက်ခြား ထိတ်လန့်ဖွယ် ကြုံရကြားရတတ်ပါတယ်။

ကျနော်တို့တိုင်းပြည်မှာလည်း ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ် ကြီးဟာ မြို့ပြကျေးလက်ဒေသအသီးသီးရှိ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့စေခဲ့ပါတယ်။ အဲဒီပြည် တွင်းစစ်ကြီးဟာ ဒီနေ့မျက်မှောက်ခေတ်အထိ နှစ်ပေါင်း (၇၈)နှစ် ရှိနေပြီဖြစ်သည့်တိုင် မပြီးနိုင်သေးဘဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တချို့ဆိုရင် အမိနိုင်ငံ ပထဝီနယ်နိမိတ်ထဲမှာပဲ လှည့်ပတ်ပြေးရှောင်ရတဲ့ စစ်ဘေးရှောင် သို့မဟုတ် အိုင်ဒီပီအဖြစ်ပြေးရသလို တချို့ကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်မှာ ခိုနေကြရသလို တချို့ကတော့ အမိနိုင်ငံနဲ့ အလွန်ဝေးရာအရပ်ဖြစ်တဲ့ တတိယနိုင်ငံတွေမှာ ခေါင်းချရတဲ့အထိ ဘေးလွတ်ရာကို ပြေးကြရပါတယ်။

“စစ်”ကို သူနိုင်/ငါနိုင် ဖက်ပြိုင်ကြတဲ့ နိုင်ငံရေး၊ လူမျိုးရေး၊ အုပ်စုတွေက “တရားသောစစ်နဲ့ မတရားသော စစ်”၊ “တော်လှန်စစ်နဲ့ ဖောက်ပြန်စစ်”၊ “ခုခံစစ်နဲ့ ကျူးကျော်စစ်” စသဖြင့် သူတို့စွဲကိုင်ရာ နိုင်ငံရေး ယုံကြည်ချက်အရ လုပ်ငန်းစဉ်အရ အဓိပ္ပာယ်ဘယ်လိုပဲဖွင့်ပါစေ။ ပြည်သူတွေအပေါ် ဒုက္ခမျိုးစုံရင်ဆိုင်ကြရတယ်ဆိုတဲ့ သက်ရောက်မှု အကျိုးဆက်ကတော့ အတူတူပဲဖြစ်ပါတယ်။ အလွယ်စကားနဲ့ပြောရရင် ပြည်သူတွေဟာ အုပ်စိုးသူ “အစိုးရ”ကိုလည်း ကြောက်ကြရသလို တော်လှန်သူ “သူပုန်”ကိုလည်း ကြောက်ကြရတာပါပဲ။ ပြည်သူတွေဟာ ခတ်နေတဲ့ ကျွဲနှစ်ကောင် အကြားက မြေစာပင် ဘဝမျိုးဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော့်အမြင်မှာတော့ ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာနဲ့ အူလှိုက်သည်းလှိုက် လိုလားသူဟာ ပြည် သူတွေကလွဲလို့ အခြားဘယ်သူမှ မရှိနိုင်ဘူးလို့ ရှင်းရှင်းပဲ မြင်ပါတယ်။ အထက်မှာရေးပြခဲ့သလို ပြည်သူတွေဟာ ပဋိပက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြရသလို သူတို့သားသမီးတွေထဲက အရွယ်ကောင်းတွေကိုလည်း စစ်ထဲ အဓမ္မဆွဲ သွင်းတဲ့ အင်မတန်ဆိုးသွမ်းတဲ့ ကိစ္စကိုလည်း ရင်ဆိုင်ကြရပါတယ်။

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုက စစ်ဘေးဒုက္ခသည် သို့မဟုတ် စစ်ဘေးရှောင် အရေအ တွက်ကို ယခင်ကထက် အဆများစွာ ပိုပြီးများပြားလာစေသလို အဓမ္မစစ်မှုထမ်းဥပဒေကြောင့်လည်း လူငယ် တွေ ထွက်ပြေးကြရတဲ့ အရေအတွက်ဟာ ပိုပြီးများပြားလာစေပါတယ်။ အများစုဟာ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးကြရပါတယ်။ လူငယ်တချို့ကတော့ စစ်ထဲ အဓမ္မဆွဲသွင်းတာခံရပြီး စစ်မြေပြင်သို့ အပို့ခံရပါတယ်။

ဒီလက်တွေ့ဖြစ်ရပ်တွေကနေ ကြည့်ရင် “ဒုက္ခသည်” ဆိုတဲ့ ရည်ညွှန်းသတ်မှတ်ချက်ဟာ ကိုယ်ပါဝင် ဆုံးဖြတ် ဖန်တီးတာ မဟုတ်ဘဲ ပဋိပက္ခ သို့မဟုတ် စစ်ပွဲတွေကြောင့် ပေါ်ပေါက်လာတဲ့ အသက်ဘေး အပါအဝင် ဘေးအန္တရာယ် မျိုးမျိုးကို လွယ်ပိုးထားရသူ သယ်ပိုးထားရသူဆိုတာ ထင်ရှားနေပါတယ်။

“နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည် သည်”လို့ သက်ဆိုင်ရာအခြေခံဥပဒေတွေထဲမှာ အသီးသီးဖွင့်ဆိုဖော်ပြထားချက်ကို ပြည်သူတွေဟာ သူတို့ကိုယ်တိုင် ဖန်တီးချက်မဟုတ်တဲ့၊ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်မဟုတ်တဲ့၊ သူတို့ ပယောဂ လုံးလုံးလျားလျား မပါဝင်တဲ့ ပဋိပက္ခ တွေ၊ စစ်မက်ဘေးအန္တရာယ်အမျိုးမျိုးကို လည်စင်းပေးကြရသလို နေ့စဉ် ရင်ဆိုင်ခံစားနေရတဲ့ တကယ့်လက်တွေ့ ဘဝထဲက ဖြစ်ရပ်တွေက အော်ဟစ်လှောင်ပြောင်နေသလို ဖြစ်နေပါတယ်။

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ “ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးလုပ်ဆောင်မှု” ဆိုတာ လူမျိုးပေါင်းစုံ ပြည်သူများ အတွက် ဒုက္ခပေါ်ဒုက္ခဆင့်စေမယ့်၊ မြွေပူရာကင်းမှောင့်စေတဲ့၊ လဲရာ သူခိုးထောင်းတဲ့၊ “အကြမ်းဖက်မှု ရက်ပေါင်း ၁၀၀ – လူမဆန်မှု ရက်ပေါင်း ၁၀၀” ပဲ ဖြစ်ပါလိမ့်မယ်။

ဒီလို မြန်မာနိုင်ငံ လူမျိုးပေါင်းစုံပြည်သူများရဲ့ (၇၈)နှစ်တာ ပြည်တွင်းစစ်ဘေးဒုက္ခခံစားမှုတွေနဲ့ စာနာထောက် ထားပြီး ကျန်ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေ ဘယ်လိုသွေးထွက်သံယို စစ်မက်ဘေးကိုမျှ မခံစားစေချင်ပါဘူး။ ရင်မဆိုင်စေချင်ပါဘူး။ မကြုံတွေ့စေချင်ပါဘူး။

ဖိနှိပ်အကြမ်းဖက်မှုတွေ ကင်းစင်တဲ့၊ ငြိမ်းချမ်းတဲ့၊ တိုင်းပြည်ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကိုပဲ လိုလားမျှော်လင့်ပါ တယ်။ “နိုင်ငံတော်၏ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံမှ တကယ်ပဲ ဆင်းသက်တယ်ဆိုရင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနဲ့ လုံးဝ(လုံးဝ)မကိုက်ညီတဲ့၊ ပြည်သူ့အသက်အိုးအိမ်တွေ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးရတဲ့ စစ်မက် ဘေးမှန်သမျှကို ပြည်သူတွေက အမှန်ပဲ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ရပ်စဲပစ်နိုင်ပါစေ။

အတုအယောင်ငြိမ်းချမ်းရေး – တစ်နပ်စားငြိမ်းချမ်းရေး စတဲ့ လိမ်ညာလှည့်ဖြားမှုများနဲ့လည်း ကင်းဝေးပါ စေ။ မြန်မာနိုင်ငံအရပ်ရပ်ရှိ စစ်ဘေးရှောင်ပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည် များ၊ ကမ္ဘာနဲ့အဝန်းရှိ ဒုက္ခသည်များအားလုံး ငြိမ်းချမ်းသော တရားမျှတသော တန်းတူသော ကမ္ဘာကြီးကို ရရှိပိုင်ဆိုင် နိုင်ကြပါစေ။

စစ်ကို ချက်ချင်းနဲ့ အကြွင်းမဲ့ ရပ်စဲပစ်နိုင်သောအာဏာ ပြည်သူများထံကနေ ဆင်းသက်လာနိုင်ပါစေ။