Home သတင်း ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

ကျိုက်ထိုက လေယာဥ်ဗုံးကြဲမှုကြောင့် သေဆုံးသူအချို့ ဈာပနပြုလုပ်ရာ ထပ်မံဗုံးကြဲခံရပြီး ထိခိုက်မှုရှိ

203

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စုတွင် ယမန်နေ့(ဇွန်လ ၁၈ ရက်နေ့)က လေယာဥ်ဗုံးကြဲခံရပြီးသေဆုံးခဲ့သူအချို့အား ဈာပနပြုလုပ်လျက်ရှိရာ ယနေ့ ထပ်မံဗုံးကြဲခံရ၍ ထိခိုက်မှုရှိကြောင်း ကျိုက်ထိုဒေသခံများကပြောသည်။

ယမန်နေ့က ကျောက်ဖျာအုပ်စု၊ ချောင်းစောင့်ရွာ၊ ဈေးဆိုင်နေရာသို့ စစ်အုပ်စု ဂျက်ဖိုက်တာဖြင့်‌ ပေါင်(၅၀၀)ဗုံးကြဲသွားခြင်းဖြစ်ပြီး ရွာသားအပါအဝင် ဒေသခံ(၄)ဦးထက်မနည်း သေဆုံးခဲ့သည်။

ယင်းနောက် သေဆုံးသူအချို့အား ဆင်တွင်းကျေးရွာဘက်တွင် သင်္ဂြိုလ်ခြင်းအစီအစဥ်ဖြင့် ဈာပနပြုလုပ်ရန် ယနေ့ မနက်(၁၀)နာရီခွဲဝန်းကျင်အချိန်တွင် လေယာဥ်ထပ်မံဗုံးကြဲတိုက်ခိုက်၍ ထိခိုက်သူလည်းရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေသခံအမျိုးသမီးက ပြောသည်။

“မနေ့ကလေယာဥ်ကြဲခံရလို့သေတဲ့သူတွေကို အသုဘချတာလေ၊ ကျမက အဲဒီနာရေးသွားမလို့ လမ်းမှာဆိုင်ကယ်ပျက်လို့ဝင်ပြင်နေတာ နာရေးနေရာမှာ ထပ်လာကြဲလို့ ပြန်ပြေးရတယ် အသည်းအသန်ပဲ။ တစ်ခါမှအဲ့လောက်နီးတာမကြုံဖူးဘူး။ ဆိုင်ကယ်နဲ့လာတဲ့လူတစ်ယောက်တော့ ထိတယ်ကြားတယ်” ဟု အဆိုပါကျိုက်ထိုဒေသခံက ပြောသည်။

ယမန်နေ့က လေယာဥ်ဗုံးစထိမှန်သေဆုံးသူများတွင် အရပ်သားရွာခံအချို့ပါသလို တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့လည်း ပါဝင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည့်အပြင် ဒေသတွင်းသတင်းအရင်းအမြစ်တချို့ က ဖော်ပြခြင်းလည်းရှိသည်။

ကျိုက်ထိုမြို့နယ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်မှု ပထမရက်တွင် သေဆုံးသူအရပ်သားရွာခံနှင့်လင်မယားတော်စပ်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိရပြီး ဒုတိယနေ့ထိခိုက်မှုကိုလည်း ကေအိုင်စီအနေဖြင့် အသေးစိတ် ဆက်လက်စုံစမ်းနေသည်။

ထို့အတူ ဖြစ်စဥ်ဖြစ်ပွားခဲ့ရာ ကျေးရွာများဘက်သို့ လက်ရှိ စစ်အုပ်စုကလက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသည်ဟုလည်း ဒေသခံများဆိုသည်။