ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေလတစ်လတာအတွင်း စစ်အုပ်စုက အရပ်သားပြည်သူများအပေါ်ကျုးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် (၂) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ(KnHRG)၏ မေလ(၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
KnHRG ၏ မှတ်တမ်းအရ ပြီးခဲ့သည့်လအတွင်း စစ်အုပ်စုက ကရင်နီအရပ်သားပြည်သူကို ဖမ်းဆီးချုပ်နှောင်မှု၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုစသည့်ဖြင့် စုစုပေါင်း (၂၀) ကြိမ်ထက်မနည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။
ထိုအထဲတွင် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဥ် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သား အမျိုးသား(၂)ဦး သေဆုံးပြီး လက်နက်ကြီးနှင့် ဒရုန်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် အမျိုးသား (၉) ဦးနှင့် ကျား/မ (၁) ဦး၊ စုစုပေါင်း (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KnHRG က ဆိုသည်။
ဖရူဆိုနှင့် ဘောလခဲမြို့များသို့ စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်ရာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသနေပြည်သူ (၁,၀၀၀) ခန့် စစ်ဘေးရှောင်ခဲ့ရသည်။ ထို့အပြင် မီးရှို့ခံရခြင်း၊ လက်နက်ကြီးနှင့်လေကြောင်းဗုံးကြဲခြင်းကြောင့် နေအိမ်(၉၆)လုံးနှင့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းအပါအဝင် စစ်ရေးပြစ်မှတ်မဟုတ်သည့် အများပြည်သူပိုင်နေရာများ ပျက်စီးခြင်းရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်အုပ်စုအာဏာသိမ်းထားသည့် (၅)နှစ်ကျော်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရှောင်အခြေအနေများ မပြတ်ဖြစ်ပွားနေပြီး ကရင်နီစစ်ဘေးရှောင် စုစုပေါင်း (၂)သိန်းကျော် ရှိနေသည်ဟု KHRG က ဆိုသည်။
ယင်းကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကရင်စစ်ရှောင်ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးရန်လိုအပ်သလို လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရေး လေယာဥ်ဆီထောက်ပံ့မှုကို ရပ်တန့်နိုင်ရန်နှင့် စစ်တပ်စီးပွားရေး၊ ကွန်ရက်များကို ပိတ်ဆို့အရေးယူပေးရန်လည်း KHRG က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဧပြီလ ကလည်း ကရင်နီပြည်နယ်တွင် စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်ကြောင့် အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် သေဆုံးသူ(၅)ဦးရှိခဲ့ပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KHRG က မှတ်တမ်းတင်ထားခြင်းရှိသည်။



















