ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ(၃၁)ရက်နေ့ဖြစ်ပွားခဲ့သော တအာင်းတပ်-TNLA ထိန်းချုပ်သည့် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုတွင် သေဆုံးဒဏ်ရာရသူများကို သယ်ယူကယ်ဆယ်ရေး လုပ်ငန်းများ ယမန်နေ့ ဇွန်လ(၁)ရက်က ပြီးစီးခဲ့ပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း တအာင်းဒေသအရပ်ဖက်အဖွဲ့များထံမှ သိရသည်။
အဆိုပါယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ယမန်နေ့ကအထိ သေဆုံးသူ(၅၅)ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ (၁၁၀)ဝန်းကျင်ရှိသည်။ တအာင်းအရပ်ဖက်အဖွဲ့များရရှိထားသည့်စာရင်းအရ ဒဏ်ရာရသူများထဲတွင် အသက်(၁၈)နှစ်အောက် ကလေးငယ်(၁၆)ဦးဝန်းကျင်ရှိ၍ အမျိုးသမီး (၂၀)ထက်မနည်း ပါဝင်နေသည်ဟု ဖော်ပြသည်။
ဖြစ်စဥ်ဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများပြီးစီးသွားသော်လည်း ထိခိုက်နစ်နာသူများအတွက် စားနပ်ရိက္ခာနှင့် ပြန်လည်ထူထောင်ရေးအကူအညီ လိုအပ်နေသည်ဟု တအာင်းအမျိုးသမီးများအဖွဲ့-TWO က ပြောသည်။
“TNLA ဘက်က ကော်မတီတွေဖွဲ့ပြီးကူညီတာရှိပေမယ့် ပြည်သူအတွက် ပြည်သူကပြန်ကူညီတာများတယ်။ အဓိကကတော့ စားနပ်ရိက္ခာပေါ့။ လက်ရှိမှာ စုနေဖို့ စခန်းနေရာလုပ်ထားပေးတယ်ဆိုပေမယ့် ရေတိုပဲဖြစ်မယ်။ ရေရှည်ကျရင် ပြန်လည်တည်ဆောက်ဖို့ ငွေကြေးလိုတယ်။ ဒဏ်ရာရတဲ့သူတွေအတွက်ဆို ဆေးဝါးတွေလိုအပ်တယ်” ဟု TWO ပြောရေးဆိုခွင့်ရှိက ဆိုသည်။

ဒေသအာဏာပိုင်အဖွဲ့ TNLA ဘက်ကမူ ၎င်းတို့ယမ်းသိုလှောင်ရုံပေါက်ကွဲမှုအပေါ် မတော်တဆမှုဟု ဖော်ပြထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မေလ(၃၁)ရက်နေ့က စာထုတ်ပြန်ခဲ့သည်။
တဖက်တွင် TNLA အနေဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရအရေးယူရန်၊ လူထုနေထိုင်ရာအရပ်၌ ပေါက်ကွဲစေတတ်သော စစ်လက်နက်များထားရှိခြင်းအပေါ် နိုင်ငံတကာစည်းမျဥ်းဥပဒေများကို လိုက်နာရန်နှင့် လူထုလုံခြုံရေးကိုအလေးပေးလုပ်ဆောင်ရန် လိုအပ်သည်ဟု TWO ပါဝင်သော တအာင်းအရပ်ဖက် အဖွဲ့အစည်းများက တိုက်တွန်းထောက်ပြနေခြင်းရှိသည်။
အိမ်နီးချင်းတရုတ်အစိုးရဘက်က သိုလှောင်ရုံပေါက်ကွဲမှုနှင့်ပတ်သက်ပြီး TNLA ၏ စုံစမ်းစစ်ဆေးရေးကို စောင့်ကြည့်သွားမည်ဖြစ်သလို လိုအပ်တဲ့အကူအညီပေးသွားမည်ဖြစ်ကြောင်းလည်း ယမန်နေ့ကပြုလုပ်သွားသည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။



















