Home သတင်း ဘန်ကောက်ရှိ လိုင်စင်မဲ့စာသင်ကျောင်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၆)ဦး ဖမ်းဆီးခံရ

ဘန်ကောက်ရှိ လိုင်စင်မဲ့စာသင်ကျောင်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စီးနင်းမှု မြန်မာအပါအဝင် (၆)ဦး ဖမ်းဆီးခံရ

268
Photo: Bangkok Post

ဇွန် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တရားဝင်လိုင်စင်မရှိဘဲ ၅ နှစ်ကျော်ကြာ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ခုကို ပြီးခဲ့သည့် စနေနေ့(မေလ ၃၀ ရက်)က ထိုင်းအာဏာပိုင်များမှ ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားအပါအဝင် (၆)ဦးဖမ်းဆီးခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။

သူငယ်တန်းမှ အလယ်တန်းအထိ ကျောင်းသူ၊ ကျောင်းသား (၁၀၀) ကျော် တက်ရောက်ပညာသင်နေသည့် အဆိုပါစာသင်ကျောင်းကို ဆူခူဝစ် (Sukhumvit) အနီး ပရီဒီဘန်ွမ်ယန် (Pridi Banomyong) လမ်းသွယ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ ဝင်ရောက်စစ်ဆေးမှုအတွင်း တရားမဝင်အလုပ်လုပ်ကိုင်သူ မြန်မာအပါအဝင် ဖိလစ်ပိုင်နိုင်ငံသား (၆) ဦးကို ဖမ်းဆီးခဲ့ပြီး နီးစပ်ရာ ခလုံတန် (Khlong Tan) ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

စာသင်ကျောင်းစီးနင်းခံရမှုနှင့်ပတ်သက်၍ တိုင်ကြားခံရခြင်းကြောင့်ဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ယခုလိုသတိပေးပြောဆိုသည်။

“ဘန်ကောက်မြို့တော် လူသူအရောက်ပေါက်နည်းတဲ့ နေရာမှာဖွင့်ထားတာ ဘေးနားပတ်ဝန်းကျင်က တိုင်လိုက်တာပေ့ါ။ နိုင်ငံခြားသားတွေဖွင့်တဲ့ ကျောင်းတွေ၊ နိုင်ငံခြားသား ဆရာတွေသင်တာ ဆိုပြီးတော့ လိုတာထက် အထင်မကြီးဖို့၊ တရားဝင်လား၊ မဝင်လားဆိုတာကို မေးမြန်းကြဖို့ လိုတယ်” ဟု ဦးမိုးကြိုးက ပြောသည်။

ထို့အတူ ထိုင်းတွင်ဖွင့်လှစ်သည့် စာသင်ကျောင်းများအနေဖြင့် တရားဝင်ဖွင့်ခွင့် လိုင်စင်အပါအဝင် ဒေသခံအာဏာပိုင်များနှင့်ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်ထားရန်လိုအပ်ကြောင်းလည်း မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ပညာရေးအသိုင်းအဝိုင်းမှ ထောက်ပြပြောဆိုမှုရှိနေသည်။

မဲဆောက်မြို့နေ အသက်(၅၀)အရွယ် ကျောင်းဆရာတစ်ဦးက “သူတို့ရေးထားတဲ့ပုံအရဆို မှတ်ပုံမတင်ထားဘူး၊ မှတ်ပုံမတင်ထားဘဲ သူ့နည်းသူ့ဟန်နဲ့ဖွင့်ထားတယ်ဆိုတဲ့ ပုံစံမျိုးသက်ရောက်တာ။ အဲ့ဒီတော့ Private School ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ နောက်ဆုံးတော့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတာမရှိဘူးဆိုတဲ့ သဘောပဲ” ဟု ကေအိုင်စီကို ပြောသည်။

ဘန်ကောက်ပို့စ်သတင်းတွင်ဖော်ပြချက်အရ ကျူးလွန်သူများမှာ လိုင်စင်မရှိဘဲ (၅) နှစ်ကျော်ကြာ စာသင်ကျောင်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ ဗီဇာကန့်သတ်ချက် ကျော်လွန်ချိုးဖောက်ခြင်း တို့ဖြင့် တရားစွဲအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အပေါ် ထိုင်းနိုင်ငံတွင်ဖွင့်လှစ်လိုသည့် စာသင်ကျောင်းများအနေဖြင့် ထိုင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နည်းဥပဒေများကို လိုက်နာကြရန်လည်း ထိုင်းအစိုးရ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းက သတိပေးသည်။