Home သတင်း ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ အွန်လိုင်းလောင်းကစားနှင့်ဆက်နွယ်သူ(၂)ဦးကို မဲဆောက်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ အွန်လိုင်းလောင်းကစားနှင့်ဆက်နွယ်သူ(၂)ဦးကို မဲဆောက်ရဲတပ်ဖွဲ့ ဖမ်းဆီး

362
Photo: Thairath

မေ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တစ်နှစ်လျှင် ဘတ်သန်း ၁၀၀ ကျော် ငွေကြေးလည်ပတ်မှုဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားခြင်းနှင့်ဆက်နွယ်နေသူ ထိုင်းလူမျိုး(၂)ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယမန်နေ့ မေလ(၂၆)ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ယမန်နေ့က မဲဆောက်မြို့ရှိ၊ ရပ်ကွက်နေရာနှစ်ခုကို တရားမဝင်အွန်လိုင်းလောင်းကစားလည်ပတ်မှု၊ ငွေကြေးခဝါချမှု ဖမ်းဝရမ်းဖြင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါထိုင်းလူမျိုး(၂)ဦးအား ရွှေထည်ပစ္စည်းများအပါအဝင် မော်တော်ယာဥ် တစ်စီး၊ ဘတ်ငွေ ၁ သန်း၊ ဘဏ်စာအုပ်နှစ်အုပ်နှင့် ATM တစ်ကတ်၊ မိုဘိုင်းဖုန်းနှစ်လုံးတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းမီဒီယာများက ဆိုသည်။

အဆိုပါအွန်လိုင်းလောင်းကစားကွန်ရက်မှာ တစ်နှစ်လျှင် ထိုင်းဘတ်ငွေသန်း ၁၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိပြီး ဘောလုံးပွဲလောင်းခြင်း၊ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း စသည့် အွန်လိုင်းလောင်းကစားများ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

လောင်းကစားလုပ်ကိုင်သူများသည် မည်သည့်စီးပွားရေးလုပ်ငန်းမျှလည်ပတ်ခြင်းမရှိဘဲ ကော်ပိုရိတ်ဘဏ်အကောင့်များဖွင့်လှစ်၍ ငွေကြေးအမြောက်အမြားထိန်းသိမ်းထားခဲ့သလို လောင်းကြေးအနိုင်ရသူများထံ ငွေလွှဲပြောင်းခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးချက်ကို ဖော်ပြသည်။

ယင်းကြောင့် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့အနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်လည်ပတ်သူများကို အီလက်ထရွန်နစ်မီဒီယာနည်းလမ်းကို အသုံးပြုပြီး လောင်းကစားပြုလုပ်ရန် ဆွဲဆောင်ခြင်း၊ ကြေညာခြင်း၊ လှုံ့ဆော်ခြင်းတို့အပြင် ငွေကြေးခဝါချမှုကို ပူးတွဲလုပ်ဆောင်ခြင်း စွဲချက်များဖြင့် အမှုဖွင့်တရားစွဲဆိုနေသည်ဟု ထိုင်းမီဒီယာများထံမှ သိရသည်။