မေလ၊ ၂၇ရက်၊ ၂၀၂၆ခုနှဏ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ထောက်ပံ့မှုများနှင့် ဆက်နွယ်နေသည့် ထိုင်းစွမ်းအင်ကုမ္မဏီများဖြစ်သော PTT၊PTTEP၊ နှင့် North Gulf Petroleum တို့ကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပေးရန် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားနေသည့် အဖွဲ့တို့က တောင်းဆိုသည်။
အဆိုပါ ထိုင်းစွမ်းအင်ကုမ္မဏီများသည် မြန်မာစစ်အုပ်စုတပ်၏ အရပ်သားအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်လစဉ်ငွေကြေးထောက်ပံ့နေသကဲသို့ဖြစ်နေသဖြင့် စုံစမ်းဖော်ထုတ်ပြီးတားဆီးပေးရန် ထိုင်းလူအခွင့်အရေးကော်မရှင်ထံ တရားဝင်တိုင်ကြားစာ တင်သွင်းမည် ဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်မှု လှုပ်ရှားရေးအဖွဲ့(Blood Money Campaign )နှင့် ( Campaign for a new Myanmar )တို့က ယနေ့ မေလ ၂၇ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောသည်။
မြန်မာစစ်အုပ်စု၏ အကြီးဆုံး တရားမဝင်နိုင်ငံခြားဝင်ငွေ အရင်းအမြစ်အဖြစ် ထိုင်းစွမ်းအင်ကုမ္မဏီများမှ နှစ်စဉ် ဒေါ်လာ ၁ဘီလီယံကျော် ဝင်ငွေဖန်တီးပေးနေခြင်းရှိပြီး အဆိုပါဝင်ငွေများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေလျက်ရှိသော စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်စေကြောင်းလည်းထိုတိုင်ကြားစာထဲ၌ ဖော်ပြထားသည်။
ယင်းကုမ္မဏီများသည် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွန်မှုများ၊ နိုင်ငံစုံ ကုမ္မဏီများဆိုင်ရာလမ်းညွန်ချက်များကို ချိုးဖောက်နေလျက်ရှိသည်။ ထိုင်းအစိုးရအနေဖြင့် UN Guiding Principles ထိုင်းနိုင်ငံ၏ National Action Plan on Business and Human Rightနှင့် OECD အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသည့် ရည်မှန်းချက်များကိုလည်းထိခိုက်စေသည်ဟု တိုင်ကြားစာတွင် ထောက်ပြထားသည်။

ထို့အပြင် ပြည်သူအပေါ် စစ်တပ်အကြမ်းဖက်မှုပြင်းထန်ချိန်တွင် PTTEPသည် ရတနာနှင့်ဇောတိက စီမံကိန်းတိုးမြှင့်ရန်နှင့် အောင်သိင်္ခစီမံကိန်းအသစ်ကိုလည်း ထပ်မံ စတင်နိုင်ရန် စစ်အုပ်စုနှင့် ညှိနှိုင်းမှုများလည်းနေသည်။ ထို့နောက် NGPလက်အောက်ရှိ Gulf Petroleum Myanmar သည်လည်း မင်းရဲသူစီမံကိန်းအတွက် စစ်အုပ်စု စီမံခန့်ခွဲ ထိန်းချုပ်ထားမှုအောက်တွင်ရှိသည့် မြန်မာ့စီးပွားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ထိုးထားခဲ့ပြီဖြစ်ကြောင်းလည်း ဖောပြထားသည်။
ထို့ကြောင့် တိုင်ကြားစာထဲတွင် အဆိုပါစစ်အုပ်စုကို ငွေကြေးထောက်ပံ့ပေးနေသည့် ထိုင်းကုမ္မဏီများကို အရေးယူပေးရန်၊ ပြည်သူလူထုပိုင်သည့် သဘာဝဓာတ်ငွေ့မြေမှရရှိသည့် ဝင်ငွေများကို စစ်အုပ်စုထုတ်ယူသုံးစွဲမရနိုင်သည့် ဘဏ်အကောင့်များထဲသို့ ထားရှိရန်၊ မြန်မာ့သဘာဝဓာတ်ငွေ့ရင်းနှီးမြှုပ်နှံမှုအသစ်များရပ်ဆိုင်းထားရန်နှင့် လူ့အခွင့်အရေး အန္တရာယ်ဖြစ်ပေါ်စေသည့် လုပ်ငန်းများကို ရပ်ဆိုင်းရန် တောင်းဆိုထားသည်။
လက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ပဋိပက္ခများပိုမိုပြင်းထန်လာသလို လူထောင်ပေါင်းများစွာနေရပ်စွန်ခွာခဲ့ရသည်။ ဉာဏ်လင်းသစ် သုတေသန အဖွဲ့၏အချက်အလက်အရ စစ်အာဏာသိမ်းပြီးချိန်မှ ၂၀၁၆ခုနှစ် ဧပြီလအထိ ထိုဒေသအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆၀ကြိမ်ရှိပြီး အရပ်သား ၆၄ဦးသေဆုံးခဲ့ရပြီး ၂၀၂၆ခုနှစ်ထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ၇၆ဦးသေဆုံးမှုရှိသည်ဟု တိုင်ကြားစာပေးပို့သည့်အထဲတွင်ဖော်ပြထားသည်။



















