Home သတင်း ဝေါလေဗျူဟာမကျရေး လေးရက်ဆက်တိုက် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်

ဝေါလေဗျူဟာမကျရေး လေးရက်ဆက်တိုက် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်

436
Photo: CJ

ဧပြီ (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ရာမတီး(မြဝတီ)မြို့နယ်၊ ဝေါလေမြိုင်ရှိ ဝေါလေစစ်ဗျုဟာစခန်းမကျရေး ပြီးခဲ့သည့်ဧပြီ(၁)ရက်နေ့မှ (၄)ရက်နေ့အထိ စစ်အုပ်စုက နေ့ရောညပါ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဝေါလေဗျူဟာအနီး စစ်အုပ်စုကာကင်းစခန်းကို တိုက်ခိုက်သိမ်းယူအပြီး မတ်လ(၃၀)ရက်နောက်ပိုင်းတွင် ဗျူဟာသို့ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုဘက်က ဝေါလေစခန်းမကျရေး လက်နက်ကြီးရောလေကြောင်းပါ တိုက်ခိုက်မှုမပြတ်လုပ်ဆောင်လျက်ရှိရာ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုက ပြောသည်။

“ဝေါလေဗျူဟာကနေ သူတို့တပ်ပြန်စုထားတယ်။ လေယာဉ်လာချတဲ့စားစရာနဲ့ ဒရုန်းပစ္စည်းတွေ ခဲယမ်းတွေရပြီးငြိမ်နေတာ ထွက်မတိုက်ရဲကြဘူး။ ဂျက်ဖိုက်တာလာလိုက် Y12 လာလိုက် နေ့ရော ညရောချနေတယ်။ လေယာဉ်ပြန်သွားရင် ကာမီကာဇေတွေနဲ့လာတိုက်တယ်” ဟု အမည်မဖော်လိုသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လေကြောင်းဗုံးကြဲမှုအတွင်း ထီးသဲလယ်ကျေးရွာအပါအဝင် ဝေါလေမြို့ပေါ်ရပ်ကွက်များ၊ မြို့ပြင်ရှိဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးမီးလောင်မှုရှိနေသည်။ ယင်းကြောင့် ဒေသခံများ ထိုင်းနိုင်ငံဘက်ရှိ ဘုန်းကြီးကျောင်း၊ တောင်ယာကုန်းများတွင်တိမ်းရှောင်နေထိုင်ရပြီး နေရပ်စွန့်ခွာရသူ ခန့်မှန်းခြေ(၁,၀၀၀)ကျော် ရှိလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ဝေါလေကမ်းနားပိုင်းရပ်ကွက်နေ စစ်ရှောင်အမျိုးသမီးက “ဝေါလေရပ်ကွက်ကအိမ်တွေ ပျက်ကုန်ပြီ။ ထီးသဲလယ်ရွာလည်းပျက်ပြီ တစ်ရွာလုံးအိမ်အကောင်းမရှိတော့ဘူး။ သူတို့ဗုံးကြဲတာ ထိုင်းဘက်ကမ်းကတောင် စားမရ၊ အိပ်မရဖြစ်တယ်၊ အခု ထိုင်းဘက်မှာလူတစ်ထောင်ကျော်လောက်ရှိတယ် ရှောင်နေကြတာ” ဟု ကေအိုင်စီကို ပြောသည်။

ယနေ့ ဧပြီ(၅)ရက်နေ့အထိ ဝေါလေဗျူဟာစခန်းကို KNLA နှင့် မဟာမိတ်တပ်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ နေ့လည်ပိုင်းတွင် စစ်အုပ်စုဘက်က Y12 လေယာဥ်ဖြင့် လှည့်ပတ်ပျံသန်းခဲ့အပြီး ကာမီကာဇေ(အသေခံဒရုန်း)များ လွှတ်တင်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု မဟာမိတ်တပ်ဘက်ကဆိုသည်။

ထို့အတူ စစ်အုပ်စု၏ မြဝတီမြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခလရ-၂၇၅ မှ အတွဲလိုက်ပစ်မစ်ဇိုင်းများဖြင့် စစ်ကူတက်မည့်၎င်းတို့စစ်ကြောင်းများ ဝေါလေသုံးထပ်ကွေ့လမ်းပိုင်းဘက်သို့ ဖောက်ထွက်နိုင်ရေး ကူညီပစ်ခတ်နေကြောင်းလည်း သိရသည်။