ဇန်နဝါရီ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ယနေ့ ဇန်နဝါရီလ(၂)ရက်နေ့က စစ် အုပ်စုတပ် ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ အလူးလေးကျေးရွာသို့ ယနေ့နံနက်ပိုင်းက လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရွာတွင်ရှိနေသူ အမျိုးသမီး ၂ ဦးနှင့်အမျိုးသားတစ်ဦး နေရာတွင်ပင်သေဆုံးခဲ့သည်၊။ ထို့အပြင် အချက်အလက်စိစစ်ဆဲ ဒေသခံ ၂ ဦးလည်း ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရထားသည်ဟု ရွာခံတချို့က ဆိုသည်။
အလူးလေးရွာခံအမျိုးသားတစ်ဦးက “ သုံးယောက်သေပြီး နှစ်ယောက်ထိတာ။ သေတဲ့နှစ်ယောက်မှာ အမျိုးသမီးနဲ့နောက်တစ်ယောက်က ယောကျ်ားလေး။ ထိထားတဲ့ နှစ်ယောက်ကလည်း ဒဏ်ရာတော်တော်ပြင်းတယ်။ ဆေးရုံတော့ပို့လိုက်ပါပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
နောက်ထပ် ဘီးလင်းဒေသတွင်း သတင်းအရင်းအမြစ်ကို စုံစမ်းချက်အရ သေဆုံးသူ အသက်(၅၅)နှစ်အရွယ် ဦးသန်းနိုင်နှင့် ဒေါ်သန်းဌေး အသက်(၆၀)တို့သည် အလူးလေးရွာခံများဖြစ်ကြသည်။ နောက်ထပ်အမျိုးသမီးတစ်ဦးမှာ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်စဥ် ရွာသို့ရောက်ရှိနေသူဖြစ်ကြောင်း သိရသည်။
“သေတဲ့ နှစ်ယောက်ကရွာသားတွေပဲ။ နောက်အမျိုးသမီးတစ်ဦးကတော့ ဧည့်သည်ဖြစ် လို့နာမည်နဲ့အသက်အရွယ်မသိရဘူး” ဟု ဘီးလင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဘီးလင်းမြို့နယ် အဝေးပြေးကားလမ်းမကြီးပေါ်ရှိ ကျေးရွာများတစ်လျှောက် ယခင်ကတည်းက စစ်အုပ်စု တပ် မကြာခဏစစ်ကြောင်းလှည့်လည်သွားလာလေ့ရှိသည်။ ဒီဇင်ဘာ(၃၁)ရက်နေ့ကလည်း အလူးလေးဝန်းကျင်တစ်ဝိုက် ရောက်ရှိလာရာ တော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထိုနေ့က တိုက်ပွဲငြိမ်သက်ပြီးနောက် ယနေ့မွန်းလွဲပိုင်း သတင်းစုံစမ်းချိန်အထိ စစ်အုပ်စုတပ်ဖွဲ့များ အလူးလေး ကျေးရွာအတွင်းရောက်ရှိနေဆဲဖြစ်သည့်အပြင် လက်နက်ကြီးကျပြီးလူထိခိုက်သေဆုံးခြင်းကြောင့် ဒေသခံများ ရွာမှတိမ်းရှောင်နေရသည်ဟု သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ အလူးလေးကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုနှင့်စစ်အုပ်စုတို့ နှစ်ဖက်ဖြစ်ပွားခဲ့သော ဒီဇင်ဘာ (၃၁)ရက်နေ့က တိုက်ပွဲတွင်လည်း ဘီးလင်းမြို့အခြေစိုက်စစ်အုပ်စုတပ်စခန်းမှ ရွာနားအနီးတဝိုက်ကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း ရွာခံတချို့က ပြောသည်။



















