နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင် အလှမယ်နှင့် အလှမောင် ဖြစ်လာရန် စိတ်ဝင်စားသည့် လူငယ်များအတွက် လာမည့် နှစ်တွင် ကျင်းပပြုလုပ်မည့် Miss and Mister Global Karen 2026 (၂၀၂၆ မယ်နှင့်မောင်ရွေးပွဲ) သို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် လျှောက်လွှာများကို နိုဝင်ဘာလ ၅ နေ့မှ စတင်ကာ ရယူတင်သွင်းနိုင်ပြီဟု သိရသည်။
အဆိုပါ ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁ ရက်နှ ၅ ရက်နေ့တို့တွင် ထိုင်နိုင်ငံ မဲဆောက်မြို့ တစ်နေရာ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။
၎င်း အလှမယ်နှင့် အလှမောင် ရွေးပွဲကို ကရင်အလှမယ်ဟောင်း ( Miss World Universe International 2023) နော်အယ်စေးဖောမှ ဦးဆောင်ပြီး တတိယအကြိမ်အဖြစ် ကျင်ပမည်ဖြစ်သည်။
ပြိုင်ပွဲ ဦးဆောင်စီစဥ်ရာတွင် ပါဝင်သူ နော်အဲထီးထာဆွေက “ အထူးသဖြင့် ဒီ Miss နဲ့ Mister ဖြစ်ဖို့ စိတ်ဝင်စားပြီး အခွင့်အရေးနည်းနေတဲ့ ကရင်လူငယ်တွေအတွက် အခွင့်အလမ်း ရှိလာစေဖို့ လူငယ်တွေရဲ့ ပင်ကိုယ်စွမ်းရည်တွေကိုလည်း ထုတ်ဖော်ပြသခွင့် ရရှိစေဖို့အပြင် စာပေယဥ်ကျေးမှုတွေ ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမှတဆင့် အဖွဲ့အစည်းအနေဖြင့် လူငယ်များကို လုပ်ငန်းနယ်ပယ်များတွင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း အပြင် နိုင်ငံတကာပြိုင်ပွဲများသို့ တက်ရောက် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နော်အဲထီးထာဆွေက ဖြည့်စွက်ပြောသည်။

လက်ရှိ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံတကာရောက် ကရင်လူငယ်များ၊ ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ ကရင် လူငယ်များ အားလုံးကို ဖိတ်ခေါ်ထားပြီး မည်သူမဆို သတ်မှတ်ချက်နှင့်ပြည်စုံသူများအနေဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများအထဲမှ အလှမယ် ၁၅ ဦးနှင့် အလှမောင် ၁၅ ဦး ခန့် ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် လျှောက်လွှာကို စကော ကရင်ဘာသာဖြင့် အမည်၊ အသက်၊နေရပ်၊ ပညာအရည်အချင်း နှင့် အရပ်အမောင်း စသည့် အချက်အလက်များဖြင့် တွင် The Karen Miss & Mister လူမှုကွန်ရက် စာမျက်နှာမှတဆင့် ရယူ ပေးပို့ လျှောက်ထားနိုင်သည်ဟု အသိပေးထားသည်။
ပြီးခဲ့သည့် နှစ် ဒုတိယအကြိမ် Miss and Mister Global Karen 2025 ပြိုင်ပွဲကို မဲဆောက်မြို့ရှိ Robinson Supermarket ၌ ကျင်းပခဲ့ပြီး နေရာဒေသအသီးသီးမှ ပြိုင်ပွဲဝင် ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ နှင့် ပဉ်စမ စသည့် ဆု၅ဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။
၂၀၂၅ မယ်နှင့်မောင်ဆုအတွက် ပြည်တွင်းနှင့် နယ်စပ်မှ ကရင်အနုပညာရှင်များက ဒိုင်အဖြစ် ပါဝင်ကူညီပေးပြီး အလှမယ်ဆုကို ထိုင်းနိုင်ငံ မဲဆောက်ကိုယ်စားပြု Namsai Saisiri နှင့် မောင်ဆုကို ဆာသူးလေ ကျောင်းကိုယ်စားပြု Saw Thay Moo တို့က အသီးသီး ရရှိခဲ့ကြသည်။



















