Home သတင်း မြဝတီတွင် ရေပြန်ကြီး

မြဝတီတွင် ရေပြန်ကြီး

545
Photo: CJ

ဇူလိုင် ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယခုရက်ပိုင်း မိုးအဆက်မပျက်ရွာသွန်းပြီး တောင်ကျရေများကြောင့် သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၄ ပေ ကျော်မြင့်တက်လာပြီး မြဝတီမြို့တွင် ရေပြန်ကြီးနေသည်ဟု မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူများက ပြောသည်။

မြဝတီတွင် သောင်ရင်းမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ဇူလိုင် ၂၃ ရက်နေ့မှစ၍ ၂၅ ရက်နေ့ထိ ရေကြီးမှုဖြစ်ပေါ် ခဲ့ပြီး ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ရေပြန်ကျသွားသော်လည်း ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ရေပြန်ကြီးလာသည့် အတွက် လူမှုကယ်ဆယ်ရေး အဖွဲ့များက ကူညီရွှေ့ပြောင်းပေးနေရသည်ဟု မြို့ခံများက ပြောသည်။

“မြဝတီမှာက ၂၇ ရက်က မိုးပြန်ကြီး လာတော့ ဝေါ လေ ဂေါ်လီချောင်း ရေ၊ တောင်ကျရေ ပြန်ဆင်းလာတာ။ အခု ဒီမနက်မှာ ၄ ပေကျော် ရေပြန်တက်လာတော့ အမှတ် ၁ တို့၊ အမှတ်၂ တို့ ရေဘေးစခန်း ပြန်ရှောင် နေရတာ ပေါ့။ ရေပြန်မြှုပ်တဲ့နေရာတွေ လှေနဲ့ လိုက်ပြန် ရွှေ့ နေရတယ်” ဟု မြဝတီ ရေဘေးကူညီနေသူလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

Photo: CJ

အလားတူ ဖားအံမြို့ပေါ်တွင်လည်း လက်ရှိရေကြီးနေပြီး ဈေးများကို ကုန်းမြင့်ပိုင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ခြင်း များရှိသလို ရေဘေးရှောင်စခန်းတွင်လည်း ဆက်ခိုလှုံနေသူများရှိပြီး ဖားအံအနီးကျေးရွာများမှ လူနာများကို စက်လှေများဖြင့် ခေါ်ယူကာ ဆေးရုံပို့ဆောင်ပေးရမှုများလည်း ရှိသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၀ ရက်မှ ၂၉ ရက်အထိ မိုးရေချိန် လက်မ ၄.၇၃ လက်မအထိ အမြင့်ဆုံး ရွာသွန်းနေသည့်အတွက် မြို့နယ် ခုနှစ်ခုစလုံးရှိ မြစ်ချောင်းများ ရေကြီး ရေလျှံ နေသလို၊ တောင်ကျ ရေကြောင့် မြေပြို ၊လမ်းပျက် မှုများ၊ သစ်ပင်ကျိုးကျ မှုများ ရှိနေကြောင်း ဒေသတွင်း အရပ်ဖက်လူမှု ကူညီကယ်ဆယ်ရေး အဖွဲ့များက အသီးသီး သတင်းထုတ်ပြန်ထားသည်။