ဇူလိုင် ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်၊ သောင်ရင်းမြစ်ဘေး စစ်ရှောင်စခန်းများရှိ စစ်ဘေးရှောင်များ ရေကြီးပြီး ရိက္ခာ၊ ဆေးဝါးများ အခက်အခဲ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့အတွက် စီစဉ်ကူညီ ပေးနေသူများက ပြောသည်။
အဆိုပါ သောင်ရင်းမြစ်ဘေး သေ့ဘောဘိုး၊ ဝေါလေ၊ လော်ခေါ်နှင့် ရသေ့ဂူ စစ်ရှောင်စခန်းများတွင် စစ်ရှောင် ၃,၀၀၀ ဦးခန့်ရှိပြီး လက်ရှိ မိုးကြီး၊ ရေကြီး၍ မိုးထဲတွင်နေထိုင်စားသောက်နေရသည့် အခြေအနေမျိုး ဖြစ်ပေါ် နေသည်ဟု သေ့ဘောဘိုး စစ်ရှောင်စခန်းရှိ ကျန်းမာရေးလုပ်သား တစ်ဦးက ယခုလို ပြောသည်။
“မိုးက ဆက်တိုက်ရွာနေတာ တောင်ရေဆင်းတော့ ထိုင်းဘက်က ဖုဖရ၊ မော်လီချိုင်းဘက် လှေကူးရခက်တယ်။ လေနဲ့ ရေစီးကြမ်းမှကြမ်းဘဲ။ အဲ့တာ ရိက္ခာ၊ ဆေးဝါးလိုတယ်၊ ဖျားကြတယ်၊ ငှက်ဖျားဖြစ်တယ်၊ ချောင်းဆိုးဖျား ကြတယ်။ အမိုးအကာမလုံ ရေက ကြီးပြီး တဲတွေမြှုပ်နေတော့ မိုးစိုထဲ နေရစားရတာမျိုး ဖြစ်နေတယ်၊ အကူ အညီ လိုနေတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိ နယ်စပ်ဒေသ စခန်းသိမ်းတိုက်ပွဲများကြောင့် ရသေ့ဂူကျေးရွာ အုပ်စုတွင် စစ်ဘေးရှောင် ၅၈၃ ဦး၊ သေ့ဘောဘိုး စစ်ရှောင်စခန်း၌ ၁,၉၇၂ ဦး၊ လော်ခေါ်နှင့် ဝေါလေ စစ်ရှောင်စခန်း၌ ခန့်မှန်း ၁,၀၀၀ ဦးဝန်းကျင် စစ်ဘေးရှောင်နေရပြီး နေရာထိုင်ခင်း၊ ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေသည်ဟု သေ့ဘောဘိုး စခန်းတာဝန်ရှိသူက ပြောသည်။
“ကျနော်တို့ မဲဆောက်ကနေ စစ်ရှောင်စခန်းတွေ စားစရာသွား ပို့ဖို့က မလွယ်ဘူး ဖြစ်နေတယ်။ ရေ တအားစီး နေတော့ စက်လှေတွေ ပစ္စည်းတင် လူတင်ပြီး မမောင်း ပေးရဲကြဘူး၊ အချိန် စောင့် နေရတယ်။ နဲနဲခြင်း ရေစီး ငြိမ်တဲ့ ဘက်က လှေမောင်းပြီး သွားဖို့ကလည်း ထိုင်းစစ်တပ်ဂိတ်ကို ပြောပြီး အကူအညီတောင်းရတာမျိုး ရှိတယ်။ ရေမြှုပ်နေကြတာ တစ်ပတ်ကျော်ပြီဆိုတော့ စားစရာပြတ်နေပြီလို့ ပြောလာတယ်” ဟု မဲဆောက်မြို့ရှိ တပိုင်တနိုင် စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။
ယခုရက်ပိုင်း မိုးများစွာရွာသွန်း၍ ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ဝေါလေ၊ ဂေါ်လီချောင်း၊ စုကလိ တောင်ကျ ချောင်းရေများ သောင်းရင်းမြစ်အတွင်း တရှိန်ထိုးစီးဝင်လာသည့်အတွက် ထိုင်းမြန်မာနယ်စပ်ရှိ ဖုဖရမြို့၊ မဲဆောက်မြို့၊ မြဝတီမြို့၊ ဆုံဆည်းမြိုင်၊ ဝေါလေ ၊ရွှေကုက္ကိုလ်မြို့သစ်၊ ဝမ်ဖာကျေးရွာနေရာများ ရေကြီးနေသည် ဟု သိရသည်။



















